ဒီရာသီ တန်ဟက်နဲ့ အတူ အခြေပျက်နေပေမယ့် ဒါက မန်ယူအသင်းရဲ့ အဆိုးဆုံး စံချိန်မှတ်တမ်း မဟုတ်သေးပါဘူး

လက်ရှိ ဘောလုံးရာသီဟာ မန်ချက်စတာ ယူနိုက်တက် အတွက် အဆိုးဆုံး စံချိန်တွေ ရရှိနေတယ်ဆိုပြီး မန်ယူအသင်း ပရိသတ် အချို့ တွေးထင်နေကြပေမယ့် လက်ရှိ မန်ယူအသင်းရဲ့ အနေအထားဟာ အဆိုးဝါးဆုံး အနေအထားကို မရောက်သေးပဲ ယခုထက် ပိုမို ဆိုးဝါးတဲ့ ရာသီတွေ ပိုင်ဆိုင်ခဲ့ဖူးပါတယ်။

မန်ယူအသင်းရဲ့ အဆိုးဝါးဆုံး စံချိန်ကတော့ ၁၉၃၀-၃၁ ရာသီကပဲ ဖြစ်ပြီး အဆိုပါ ရာသီတုန်းက အဖွင့်ပွဲ ၁၂ ပွဲဆက်တိုက် တစ်မှတ်မှ မရခဲ့ဖူးတာက အင်္ဂလိပ် အမှတ်ပေးပြိုင်ပွဲတစ်လျှောက် ဘယ်အသင်းမှ လိုက်မမှီသေးတဲ့ အဆိုးဝါးဆုံး စံချိန်တစ်ခု ဖြစ်နေဆဲ ဖြစ်ပါတယ်။

အဆိုပါ ရာသီတုန်းက ယူနိုက်တက်တို့ဟာ ပေးဂိုး ၁၁၅ ဂိုးအထိ အလှူအတန်း ပြုလုပ်ပြီး တန်းဆင်းသွားခဲ့ရဖူးပါတယ်။

ထို ရာသီ မန်ယူအသင်းဟာ ရာသီအစ ၁၂ ပွဲဆက်တိုက် ရမှတ်တစ်မှတ်မှ မရခဲ့တဲ့ စံချိန်ဆိုးကြီးကို ကျန်အသင်းတွေ ထက် ကျော်လွန်အောင် တင်ထားနိုင်ပေမယ့် ၎င်းတို့ရဲ့ ပေးဂိုး ၁၁၅ ဂိုးဆိုတဲ့ စံချိန်ကတော့ ဘလက်ခ်ပူး အသင်းက ၁၂၅ ဂိုးနဲ့ ကျော်တက်နိုင်ခဲ့ဖူးပါတယ်။

နီးနီးစပ်စပ် လက်ရှိ မော်ဒန် ဘောလုံးလောကအရောက် မန်ယူအသင်းရဲ့ ရာသီအစ အဆိုးဆုံး စံချိန်ကတော့ ၂၀၁၉-၂၀ ဆိုးလ်ရှား လက်ထက်တုန်းကဖြစ်ပြီး အဆိုပါ ရာသီတုန်းက မန်ယူအသင်းဟာ ရာသီအစ အဖွင့်ပွဲ ၇ ပွဲမှာ ယခုလို ရမှတ် ၉ မှတ် နဲ့ အောက်အနည်းဆုံး ရရှိထားခဲ့ဖူးပါတယ်။

အဲဒီနောက် ၈ ပွဲအရောက် နယူးကာဆယ်နဲ့ ထပ်မံကစားရာမှာလည်း ထပ်ရှုံးခဲ့ရပြီး အဆင့် ၁၂ အထိ ရောက်ရှိခဲ့ကာ ထိပ်ဆုံးမှ လီဗာပူးလ်နဲ့အဆိုပါ ပွဲအပြီး ရမှတ် ၁၅ မှတ်အထိ ပြတ်ကျခဲ့ဖူးပါတယ်။

ဒါပေမယ့် ရာသီအကုန်မှာတော့ မန်ယူအသင်းက အဆင့် ၃ ရရှိကာ ချန်ပီယံလိဂ် ဝင်ခွင့် ပြန်လည် ရရှိခဲ့တာကြောင့် ဆိုးလ်ရှားနဲ့ အသင်းသားတွေရဲ့ ရုန်းအားကို ပရိသတ်တွေ အသိအမှတ်ပြုပေးရမှာ ဖြစ်ပြီး အဆိုပါ ရာသီ ချန်ပီယံ လီဗာပူးလ်ထက်တော့ ရမှတ် ၃၃ မှတ်အထိ လျော့နည်းစွာနဲ့ ရာသီပိတ်သိမ်းခဲ့ရဖူးပါတယ်။

လက်ရှိရာသီ မန်ယူအသင်းဟာ စနေ ကစားမယ့် ဘရန်းဖို့ဒ်ကိုသာ ထပ်မံရှုံးနိမ့်ခဲ့ပါက ရာသီအစ ၈ ပွဲအပြီး အဆိုးဆုံး စံချိန်ဖြစ်ခဲ့တဲ့ ဆိုးလ်ရှား လက်ထက်က စံချိန်ကို ဂိုးကွာခြားချက်နဲ့ ကျော်ဖြတ်သွားဦးမှာ ဖြစ်ပြီး ၁၉၈၉-၉၀ ရာသီတုန်းက ဖာဂူဆန်လည်း ရာသီအစ ၇ ပွဲကစားပြီးချိန်မှာ ရမှတ် ၉ မှတ်အောက်သာ စုဆောင်းနိုင်ခဲ့ဖူးပေမယ့် ၈ ပွဲမြောက်မှာ သရေ ရမှတ်တစ်မှတ် ရရှိခဲ့ကာ အဆိုပါ ရာသီကိုတော့ အဆင့် ၁၃ နဲ့ ပိတ်သိမ်းခဲ့ရဖူးပါတယ်။

ဒါ့အပြင် ပရီးမီးယားလိဂ် အပြင် ပြိုင်ပွဲစုံ ပွဲစဉ်တွေကိုပါ ထည့်သွင်းတွက်ချက်ပြီး စံချိန်ရေတွက်ရင် မန်ယူအသင်းရဲ့ ယခုတစ်ခေါက် ပြိုင်ပွဲစုံ ဆယ်ပွဲကစား ၆ ပွဲရှုံးဆိုတဲ့ အနေအထားဟာ လွန်ခဲ့တဲ့ ၁၉၈၆-၈၇ ရာသီ နည်းပြဟောင်း ရွန် အက်ကစ်ဆန် လက်ထက် ရာသီအစ ဆယ်ပွဲကစား ၆ ပွဲရှံးဆိုတဲ့ စံချိန်ကို လိုက်မှီသွားမှာ ဖြစ်ပြီး လာမယ့် ဘရန်းဖို့ဒ်ပွဲကိုသာ ထပ်ရှုံးခဲ့ပါက အက်ကစ်ဆန်ရဲ့ စံချိန်ကို တန်ဟတ်ဂ်တစ်ယောက် ထပ်မံချိုးဖြတ်သွားဦးမှာ ဖြစ်ပါတယ်။