မန်ချက်စတာ ယူနိုက်တက်ရဲ့ ပွဲထွက် လူစာရင်းကနေ ရက်ဖို့ဒ် ဖယ်ရှားခံရတော့မှာလား
မားကပ်စ် ရက်ဖို့ဒ်ဟာ ပွဲတွေ ဆက်တိုက်ခြေစွမ်းမပြနိုင်တာကြောင့် မန်ချက်စတာယူနိုက်တက်ပွဲထွက်လူစာရင်းမှ ဖယ်ရှားခြင်းခံရမဲ့ အရေးနှင့် ရင်ဆိုင်နေရပါတယ်။
ယူနိုက်တက် ကြယ်ပွင့် တိုက်စစ်မှုးဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက ဂိုး ၃၀ အထိ သွင်းယူကာ ကစားသမားဘဝ တစ်လျှောက် အကောင်းဆုံးခြေစွမ်းပိုင်ဆိုင်ခဲ့သူလည်း ဖြစ်ပါတယ်။
ဒါပေမဲ့ အသက် ၂၅ နှစ်ရှိ တိုက်စစ်မှူးဟာ ယခုရာသီတွင် ၁ ဂိုးတည်းသာ သွင်းထားနိုင်ပါတယ်။ တဖက်တွင် ယူနိုက်တက်မှာလည်း နောက်ဆုံး ၇ ပွဲတွင် ၅ ပွဲအထိ ရှုံးနိမ့်ထားပါတယ်။

ရက်ဖို့ဒ်ဟာ ယင်းသို့ ခြေစွမ်းကျဆင်းနေမှုနှင့်အတူ ယနေ့ညတွင် ဘရန့်ဖို့ဒ်နှင့် ကစားရမဲ့ပွဲ တွင် ပွဲထွက် ကစားသမားနေရာအား အလီဂျန်ဒရိုဂါနာချို(သို့မဟုတ်) အန်တိုနီမာရှယ်ကို ဆုံးရှုံးရနိုင်တဲ့ အနေအထားမှာ ရှိနေပါတယ်။
အဲရစ်တန်ဟက်က “အသင်းနဲ့ ကစားသမား ဆိုတာက ဒီလို ရှိတတ်တယ်။ တူညီတဲ့ အဆင့်တစ်ခုတည်းမှာ အမြဲတမ်း မရှိတတ်တာ သဘာဝပါ။ သူ့အရည်အသွေးတွေကို လူတိုင်းသိတယ်။ အကောင်းဆုံးနေရာတွေမှာ သူနေခဲ့တာကိုလည်း မြင်ခဲ့ရတယ်။ သူ ရုန်းကန်နေရတယ်။ ဒါပေမဲ့ ဒါကို သူ ဖြတ်ကျော်လာမှာပါ။
ယူနိုက်တက်မှာ ရှိတဲ့ လူတိုင်းလည်း သူ့ကို အားပေးနေကြတယ်။ တစ်သင်းလုံးကလည်း သူ့ကို အားပေးတယ်။ သူ့အပေါ်မှာလည်း ယုံကြည်ကြတယ်။ အပြောင်းအလဲဖြစ်လာမှာ သေချာပါတယ်။
တိုက်စစ်မှူးတွေမှာ ဂိုးမရနိုင်တဲ့ ကာလဆိုတာ ရှိတယ်။ သူတို့က ဂိုးတစ်ဂိုးတည်းပဲ လိုတယ်။ အဲဒါဆိုရင် ကျော်ဖြတ်နိုင်ပြီ။ ဂိုးလည်း ရောက်လာမှာပါ။ ဒီကာလရောက်လာမှာပါ။ သူလည်း ခြေစွမ်းပြလာမှာပါ”လို့ ပြောကြားသွားပါတယ်။