ဂိုးသမား ဒီဂီယာ မန်ချက်စတာမြို့မှာ ပြန်ရောက်နေပါပြီ၊ အကြောင်းကိစ္စကလည်း ရှိနေပါတယ်
မန်ချက်စတာ ယူနိုက်တက်မှာ ဂိုးသမား အိုနာနာကြောင့် ပြောစရာ ဝေဖန်စရာတွေ တသီကြီးဖြစ်နေကြချိန်မှာ ယခင် ဂိုးသမားဟောင်း ဒေးဗစ် ဒီဂီယာကတော့ မန်ချက်စတာ မြို့ ကို ပြန်ရောက်နေပါတယ်။
ခုချိန်ထိ အသင်းလက်မဲ့ ဖြစ်နေသေးတဲ့ ဒီဂီယာ ကို ပြန်ခေါ်ဖို့ တိုက်တွန်းမှုတွေလည်း ရှိနေကြပြီး စပိန်သား မြို့ထဲ ပြန်ရောက်လာတာ အတွက် သို့လော သို့လော ဖြစ်နေကြပါတယ်။

အသက် ၃၂ နှစ် အရွယ် ဂိုးသမားဟာ အိုးထရက်ဖို့ဒ်မှာ ၁၂ နှစ်တာ ကစားသွားခဲ့တာ ဖြစ်ပြီး ပြီးခဲ့တဲ့ ဇွန်လ စာချုပ် သက်တမ်း ကုန်ချိန်မှာ ညှိနှိုင်းမရတော့ဘဲ ယူနိုက်တက်ကနေ ဗြုန်းစားကြီး ထွက်ခွာသွားခဲ့ရတာပါ။
စပိန်သား ဂိုးသမားဟာ အခြား ကလပ်အသင်းတွေထံ သွားဖို့ သတင်းတွေ ရှိခဲ့ပေမယ့် အခုချိန်ထိ ကလပ်အသင်းသစ် မရသေးဘဲ တကိုယ်တော် လေ့ကျင့်နေဆဲ ဖြစ်ပါတယ်။
အင်္ဂါနေ့ကတော့ ဒီဂီယာ ဟာ သူ့ အင်စတာဂရမ်ကနေ မန်ချက်စတာသို့ ပြန်ရောက်နေကြောင်း အသိပေးခဲ့ပါတယ်။
အင်္ဂလန် ဒေးလီးမေးလ် သတင်းဌာန အဆိုအရတော့ ဒီဂီယာ ဟာ မန်ချက်စတာမြို့သို့ ရက်ပိုင်းမျှ ခဏ အလည်ပြန်လာတာ ဖြစ်ပြီး သူ နေခဲ့တဲ့ Hale က နေအိမ်ကိစ္စ စီမံဖို့ လို့ သိရပါတယ်။
ဒီဂီယာ က မန်ချက်စတာ ရောက်နေတုန်း ယူနိုက်တက် အမျိုးသမီးအသင်းရဲ့ ချန်ပီယံလိဂ် ခြေစစ်ပွဲကိုလည်း သွားရောက် အားပေးခဲ့သေးတယ်လို့ သိရပါတယ်။
ဒီဂီယာ ဟာ နွေတုန်းက အင်တာမီလန်ရဲ့ ကမ်းလှမ်းမှုကို ငြင်းဆန်ခဲ့သလို ဘိုင်ယန်မြူးနစ် ရဲ့ ချိတ်ဆက်မှုလည်း ရရှိခဲ့ပါသေးတယ်။ ဒါပေမယ့် အခုထိ ဘယ် ကမ်းလှမ်းမှုကိုမှ လက်ခံ သဘောညီမှု မရှိသေးဘဲ ဘောလုံးကနေ အနားယူဖို့ စဉ်းစားနေကြောင်းလည်း သတင်းထွက်နေပါတယ်။