ဆန်ချို ထွက်ရင် အစားထိုးဖို့ လာမာစီယာ အကယ်ဒမီထွက် ဂျပန်သားလေးကို မန်ချက်စတာ ယူနိုက်တက် ချိန်ရွယ်နေ

မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟက်ကို အခုချိန်ထိ ပြန်တောင်းပန်ခြင်း မရှိသေးတဲ့ ဆန်ချိုဟာ လာမယ့် ဇန်နဝါရီမှာ မန်ယူက ထွက်ဖို့ များနေပါတယ်။

ဆန်ချို ကိုယ်တိုင်ကလည်း အသင်းဟောင်း ဒေါ့မွန်နဲ့ အခုထိ အဆက်သွယ် ရှိနေပြီး ဂျာမနီ ပြန်သွားလိုနေပါတယ်။ အဲဒါကြောင့်လည်း ယူနိုက်တက်ဟာ ဆန်ချိုနေရာအစားထိုးဖို့ ပစ်မှတ် ရှာဖွေနေပြီ ဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ ဆိုစီဒက် တောင်ပံကစားသမား ကူဘိုကို ပစ်မှတ်ထားနေကြောင်း စပိန် သတင်းစာတစ်စောင်က ဖော်ပြလာတာပါ။

ဂျပန်လက်ရွေးစင်ကစားသမားဟာ ဒီရာသီ အထူးခြေစွမ်းပြနေပြီး လာလီဂါနဲ့ချန်ပီယံလိဂ်တို့မှာ ၅ ဂိုးသွင်း၊ ၂ ဂိုးဖန်တီးထားပါတယ်။ ဒါပေမဲ့လည်း ကူဘိုရဲ့မန်ယူအပြောင်းအရွှေ့ဖြစ်ဖို့ကတော့ ရှုပ်ထွေးမှုရှိနေတာပါ။

ရီးရဲလ်က ၂၀၂၂ မှာ အဲဒီဂျပန်သားကို ဆိုစီဒက်ဆီ ရောင်းခဲ့ပေမယ့် ကူဘိုအတွက် ၅၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်နေဆဲ ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ် အသင်း အနေနဲ့ကလည်း သူတို့ရဲ့ကစားသမားဟောင်းကို ထက်ဝက်ဈေးနဲ့ ပြန်ခေါ်ခွင့် ရှိနေပါတယ်။

ဒါကြောင့် မန်ချက်စတာ ယူနိုက်တက် ဟာ ရီးရဲလ်ဥက္ကဌ ဖလော်ရင်တီနိုပီရက်ဇ်ရဲ့ ခွင့်ပြုချက်ရမှသာ ကူဘိုကို ခေါ်ယူလို့ ရနိုင်မှာပါ။

လာမာစီယာအကယ်ဒမီထွက်လည်းဖြစ်တဲ့ ကူဘိုဟာ ဆိုစီဒက်မှာ ပိုခြေစွမ်းပြနိုင်နေပြီး ၅၃ ပွဲမှာ ၁၄ ဂိုးသွင်း၊ ၁၁ ဂိုးဖန်တီးပေးထားပါတယ်။ အသက် ၂၂ နှစ်အရွယ် ကစားသမားဟာ ဆိုစီဒက်နဲ့လည်း ၂၀၂၇ အထိ စာချုပ်သက်တမ်းရှိထားတာပါ။