စာချုပ်ကုန်တော့မယ့် တိုက်စစ်မှုးကို သက်တမ်း တိုးရ၊ မတိုးရ ဆုံးဖြတ်ခက်နေတဲ့ မန်ချက်စတာ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်အသင်းဟာ လာမယ့်နှစ်၊ နွေရာသီကျရင် လက်ရှိ စာချုပ် ကုန်ဆုံးတော့မယ့် တိုက်စစ် ကစားသမား မာရှယ် အား စာချုပ်သစ် ထပ်ချုပ်ရမလား စဉ်းစားနေရပြီ ဖြစ်ပါတယ်။

နည်းပြ တန်ဟက် ကိုင်တွယ်နေတဲ့ မန်ယူနိုက်တက်အသင်းဟာ ဒီရာသီ အစပိုင်းမှာပဲ ရလဒ်ဆိုးတွေနဲ့ ရုန်းကန် နေရသလို ပရီးမီးယားလိဂ် ၈ ပွဲကစား ၄ ပွဲသာ အနိုင်ရခဲ့ပြီး ချန်ပီယံလိဂ်မှာလည်း ဘိုင်ယန်၊ ဂါလာတာစာရေး တို့ကို ဆက်တိုက် ရှုံးခဲ့တာကြောင့် ဘဲဥမကွဲသေးဘဲ အုပ်စုနောက်ဆုံးမှာ ရပ်တည်နေပါတယ်။

ယူနိုက်တက်အသင်း ရုန်းကန်နေရချိန်မှာ မာရှယ် ကလည်း အသင်းကို ကယ်တင်နိုင်မယ့် စွမ်းဆောင်ရည် မပြသနိုင်ဘဲ ပရီးမီးယားလိဂ် ၂ ပွဲသာ ပွဲထွက် ကစားခွင့်ရပြီး ၂ ပွဲစလုံး ဂိုးမသွင်းနိုင်ခဲ့ပါဘူး။

မန်ချက်စတာ ယူနိုက်တက်အသင်းအနေနဲ့ မာရှယ် ရဲ့ခြေစွမ်းနဲ့ သူ့ရဲ့စာချုပ်သက်တမ်းအပေါ် ဘယ်လိုစီစဉ် ဆောင်ရွက် ရမလဲဆိုတာ စောင့်ကြည့်နေတယ်လို့ ဗြိတိန်သတင်းစာ ဒေးလီးမေးလ် က ဖော်ပြခဲ့ပါတယ်။

မာရှယ် ဟာ ယူနိုက်တက်အသင်းမှာ တစ်ပတ်ကို ပေါင် ၂၅၀,၀၀၀ ရရှိနေပြီး ၁ နှစ်သာ စာချုပ်သက်တမ်း ကျန်ရှိတော့မယ့် ယူနိုက်တက်အသင်းကတော့ မာရှယ် ရဲ့အနာဂတ်ကို အချိန်ယူ စဉ်းစားပြီးမှ ဆုံးဖြတ်သွားဖို့ရှိပါတယ်။

မာရှယ် ဟာ အသက် ၁၉ နှစ်အရွယ်၊ ၂၀၁၅ ခုနှစ်တုန်းက မိုနာကိုအသင်းကနေ ယူနိုက်တက်ကို ပေါင် ၃၆ သန်းနဲ့ပြောင်းရွှေ့ခဲ့ပြီး ပရိသတ်တွေ မျှော်လင့်ထားသလောက် ပုံစံကောင်းမပြသနိုင်ခဲ့ပါဘူး။

ယူနိုက်တက် ကစားသမားဘ၀ ၉ ရာသီအတွင်း မာရှယ် က ပွဲပေါင်း ၃၀၇ ပွဲကစား၊ ၈၉ ဂိုးသွင်း၊ ဂိုးဖန်တီးမှု ၅၄ ကြိမ် ပြုလုပ်ခဲ့ပေမယ့် ဒဏ်ရာပြဿနာနဲ့ ပုံမှန်ခြေစွမ်းမပြနိုင်တာတွေကြောင့် ရုန်းကန်ခဲ့ရပါတယ်။

ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလကလည်း နည်းပြ အဲရစ်တန်ဟက်က ၎င်းကို ရောင်းချဖို့ စီစဉ်ခဲ့ပေမယ့် အထမမြောက်ခဲ့ပါဘူး။

ယူနိုက်တက်အသင်းဟာ မာရှယ် နဲ့စာချုပ်သက်တမ်းတိုးဖို့ မသေချာပေမယ့်လည်း နောက်ခံလူတွေဖြစ်တဲ့ ဘစ်ဆာကာ၊ လင်ဒီလော့ဖ်တို့ကိုတော့ စာချုပ်သစ်ချုပ်နိုင်ဖို့ ကြိုးပမ်းနေပါတယ်။

ဒီကစားသမားနှစ်ဦးစလုံးဟာ ၂၀၂၄ ခုနှစ်ကျရင် စာချုပ်သက်တမ်း ပြည့်မှာဖြစ်တာကြောင့် လာမယ့်လတွေအတွင်း ယူနိုက်တက်အသင်းက သူတို့ကို စာချုပ်သစ်ချုပ်သွားဖို့ စီစဉ်မှာဖြစ်ပါတယ်။

ဘစ်ဆာကာနဲ့ လင်ဒီလော့ဖ်တို့ဟာ အဲရစ်တန်ဟက် လက်ထက်မှာ အကောင်းဆုံး ကစားနိုင်ကြပြီး ဘစ်ဆာကာဟာ ဒဏ်ရာမရခင်အထိ ပွဲထွက် ကစားသမားဖြစ်ခဲ့သလို လင်ဒီလော့ဖ်ဟာလည်း ပရီးမီးယားလိဂ်မှာ ၇ ပွဲအထိ ပါဝင်ကစားခွင့်ရခဲ့ပါတယ်။