ဘရာဇီးအသင်းနဲ့ အတူ ရှိစဉ် ခြေကျင်းဝတ် နာသွားတဲ့ ကာဆီမီရို အခြေအနေက ဟန်ပုံ မရ
မန်ချက်စတာ ယူနိုက်တက်ရဲ့ အသက် ၃၁ နှစ်အရွယ် ကွင်းလယ် ကစားသမား ကာဆီမီရို ဟာ ပြီးခဲ့တဲ့ ကြာသပတေးနေ့က ဘရာဇီးနှင့် ဗင်နီဇွဲလားတို့ ၁-၁ ဂိုးဖြင့် သရေကျခဲ့တဲ့ပွဲရဲ့ ပွဲပြီးခါနီး ၁၁ မိနစ်အလိုမှာ ဆက် မကစားနိုင်တော့တာကြောင့် လူစားလဲခဲ့ရပါတယ်။
သရေပွဲပြီးနောက်တွင် ဘရာဇီးအသင်းနည်းပြ ဖာနန်ဒိုဒင်နီဇ်က “ခြေကျင်းဝတ်ဒဏ်ရာကြောင့် လူစားလဲပေးဖို့ ကာဆီမီရို က တောင်းဆိုခဲ့ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

သူ့ရဲ့လူစားလဲမှုက ကြိုတင်သတိထားခဲ့ပုံပေါ်ပေမယ့် ရီးရဲလ်ကြယ်ပွင့်ဟောင်းဟာ စနေနေ့ရဲ့ လေ့ကျင့်ရေးအစီအစဉ်ကို လွဲချော်ခဲ့ပြီး မသက်မသာဖြစ်နေတယ်လို့ Globo Esporte က ဖော်ပြထားပါတယ်။
ကာဆီမီရို ဟာ ထိုပွဲက ဒုတိယပိုင်းမှာ နာကျင်မှုများစွာဖြင့် ကစားခဲ့ရပြီး ပွဲပြီးခါနီးမှာတော့ လူစားလဲပေးဖို့ တောင်းဆိုခဲ့ ရပါတယ်။
ဘရာဇီးသား ကွင်းလယ် ကစားသမားဟာ လေ့ကျင့်ရေးတွင် ပါဝင်ခြင်းထက် အသင်းဟိုတယ်တွင် ကုသမှုခံယူနေပြီး ညာဘက်ခြေကျင်းဝတ် ညောင်းညာကာ ခြေဖဝါးများ ရောင်ရမ်းလာခဲ့တယ် လို့ သိရပါတယ်။
တနင်္ဂနွေနှင့် တနင်္လာနေ့တို့မှာ ကစားနိုင်မှု ရှိ၊ မရှိ ထပ်မံအကဲဖြတ်မှာဖြစ်သော်လည်း လက်ရှိမှာတော့ ကာဆီမီရို ဟာ အင်္ဂါနေ့ ဥရုဂွေးနှင့် ရင်ဆိုင်ကစားရမယ့်ပွဲအတွက် ပါဝင်ဖို့ မသေချာနေပါဘူး။
ယူနိုက်တက်ရဲ့ဘောလုံးဒါရိုက်တာ ဂျွန်မာတက်ချ်က ကလပ်အသင်းရဲ့ ကာလရှည်ဒဏ်ရာရစာရင်း များနေတဲ့အအပေါ် စုံစမ်းစစ်ဆေးနေကြောင်း အတည်ပြုပြောကြားခဲ့ပြီး ရလဒ်များဆိုးရွားနေမှုများရှိနေပြီး ရာသီအစမှာ အသင်းမှ ကစားသမား ၁၆ ဦး ထိခိုက်ဒဏ်ရာရခြင်း နှင့် ကာလကြာရှည်စွာ မကစားနိုင်ခြင်းတို့ ပါဝင်နေပါတယ်လို့ ပြောထားပါတယ်။