ခြေစွမ်းကောင်းတွေ ပြန်ပြလာတဲ့ အသင်းသားကို အရောင်းစာရင်းကနေ ပြန်ထုတ်ပေးလိုက်တဲ့ မန်ချက်စတာ ယူနိုက်တက်

လက်တလော ခြေစွမ်းကောင်းတွေ ပြန်လည် ပြသနေတဲ့ ကွင်းလယ်ကစားသမား တော်မီနေးကို မန်ယူအသင်းက အရောင်း စာရင်းထဲမှ ထုတ်ပယ်လိုက်ပြီ ဖြစ်ကြောင်း သိရပါတယ်။

ဘရန်းဖို့ဒ်ကို အနိုင်ရခဲ့တဲ့ပွဲမှာ အသင်းအတွက် ရမှတ် ၃ မှတ်ပြည့်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ စကော့တလန်သားဟာ အစောပိုင်းတုန်းက မန်ယူအသင်းရဲ့ အရောင်းစာရင်းထဲ ရောက်ရှိနေခဲ့သူ တစ်ယောက်ဖြစ်ပြီး လက်ရှိ အချိန်မှာတော့ အနေအထားတွေ ပြန်လည် ပြောင်းလဲလာခဲ့ပါပြီ။

မန်ချက်စတာ ယူနိုက်တက် ဟာ တော်မီနေးရဲ့ ခြေစွမ်းတွေကြောင့် အရောင်းစာရင်းထဲမှ ပြန်လည် ထုတ်ပယ်ခဲ့ပေမယ့် တန်ကြေးမြင့် ကမ်းလှမ်းမှုတွေအပေါ်မှာတော့ နားစွင့်နေဦးမှာ ဖြစ်ပြီး ကြိုက်ဈေးရရင်တော့ ပြန်လည် ရောင်းချမယ့် သဘောမှာ ရှိနေပါတယ်။

စပိန်အသင်းကို ၂ ဂိုးပြတ် ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ လှလှပပ သွင်းဂိုးတစ်ဂိုး ထပ်မံသွင်းယူပေးခဲ့ပေမယ့် VAR ရဲ့ ပြန်လည် ပယ်ဖျတ်ခံခဲ့ရမှုကြောင့် အတော်လေး နစ်နာခဲ့ရတဲ့ တော်မီနေးဟာ လက်ရွေးစင် စကော့တလန်အတွက် မရှိမဖြစ် ကစားသမားတစ်ယောက်ဖြစ်ခွင့် ရနေပြီး ၂၀၂၃ ခုနှစ် အတွင်း ကစားခဲ့တဲ့ ၇ ပွဲမှာ သွင်းဂိုး ၆ ဂိုးအထိ သွင်းယူပေးထားပါတယ်။

မန်ယူအသင်းဟာ နွေတုန်းက တော်မီနေးရဲ့ တန်ကြေးကို ပေါင် သန်း ၃၀ သာ သက်မှတ်ခဲ့ပေမယ့် အဆိုပါ အချိန်တုန်းက ကစားသမားကိုယ်တိုင်က အသင်းမှ ထွက်ဖို့ ငြင်းဆန်ခဲ့သလို ခေါ်ယူမယ့်အသင်းတွေလည်း များများစားစား ထွက်ပေါ်မလာခဲ့တာကြောင့် တော်မီနေး တစ်ယောက် ယခုလို ခြေစွမ်းတွေ ပြန်လည် ပြသခွင့် ရရှိနေတာ ဖြစ်ပါတယ်။