ဂိုးသမား အိုနာနာ ကို ပြန်ခေါ်ရင် ခေါ်မှာ လို့ လေသံပစ်လာတဲ့ အင်တာမီလန် အသင်း အကြီးအကဲ

မန်ချက်စတာယူနိုက်တက်မှာ စွမ်းဆောင်ရည်ကောင်းတွေ ပြသဖို့ ရုန်းကန်နေရတဲ့ ဂိုးသမား အန်ဒရေအိုနာနာကို ၎င်းရဲ့အသင်းဟောင်းဖြစ်တဲ့ အင်တာမီလန်က ပြန်လည်‌ခေါ်ယူနိုင်တယ်လို့ အင်တာမီလန်ဥက္ကဌ မာရော်တာက အရိပ်အမြွက် ပြောကြားလာခဲ့ပါတယ်။

ယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်ကလည်း အိုနာနာကိုခေါ်ယူလို‌တာကြောင့် အသင်းရဲ့ ဂန္ထဝင်ဂိုးသမား ဒီဂီယာကို သက်တမ်းမတိုးဘဲ အသင်းမှထွက်ခွာစေခဲ့တာဖြစ်ပါတယ်။

သို့သော် လက်ရှိမှာတော့ အသက်-၂၇ နှစ်အရွယ်ဂိုးသနားဟာ ထင်ထားသလောက် လက်စွမ်းပြသနိုင်ခြင်းမရှိဘဲ အမှားတွေ ဆက်တိုက် ကျူးလွန်ထားတာဖြစ်ပါတယ်။ တန်ဟက်က ၎င်းရဲ့အသင်းဟောင်း အေဂျက်စ်မှာအတူတူလက်တွဲခဲ့ဖူးတဲ့ တပည့်ဟောင်း အိုနာနာ ကို ဆက်လက်နေရာပေးနေဆဲဖြစ်ပါတယ်။

သို့သော် နောက်ဆုံး ထွက်ပေါ်လာတဲ့သတင်းတွေအရ ယခုအခါမှာတော့ တန်ဟက်ဟာ အိုနာနာအနေနဲ့ ဆက်လက် ရုန်းကန်နေရပါက လက်လွှတ်ဖို့ ဆုံးဖြတ်သွားနိုင်တယ်လို့ သိရှိရပါတယ်။

ယခုအခါ အင်တာမီလန်ဥက္ကဌ မာရော်တာက အိုနာနာကို အီတလီသို့ ပြန်ခေါ်နိုင်ခြေရှိကြောင်းကို

“အသင်းဟောင်းကိုပြန်လာတဲ့ကစားသမားအများစုက ‌ရုန်းကန်ရတတ်ပေမယ့် ဘောလုံးလောကမှာ ဘာမဆို ဖြစ်သွားနိုင်ပါတယ်။ သူနဲ့ကျွန်တော်တို့ဆုံတွေ့ခဲ့ကြတဲ့ အခိုက်အတန့်က နှစ်ဘက်စလုံးအတွက် အရေးပါပါတယ်။ ကျွန်တော်တို့သူ့ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ရရှိခဲ့ပြီး ငွေကြေးအမြောက်အမြားနဲ့ရောင်းချနိုင်ခဲ့တာက အသင်းအတွက် အောင်မြင်မှုတစ်ခုပါ” လို့ပြောကြားခဲ့ပါတယ်။

ယခုအခါ အင်တာမီလန်အသင်းဟာ ထွက်ခွာသွားတဲ့အိုနာနာနေရာမှာ ဘိုင်ယန်မြူးနစ်ဂိုးသမား ယန်းဆွန်းမားနဲ့ ပြန်လည်အစားထိုးထားပါတယ်။

အသက်-၃၄ နှစ်အရွယ်ယန်းဆွန်းမားကတော့ အသင်းသစ်နဲ့အတူ ကောင်းမွန်တဲ့ရာသီစတင်မှုရရှိခဲ့ပြီး အိုနာနာ‌လောက် ရုန်းကန်ရခြင်းမရှိပါဘူး။

ယူနိုက်တက်ဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလရဲ့နောက်ဆုံးရက်မှာ အိုနာနာရဲ့အရန်အဖြစ်တူရကီဂိုးသမား အယ်လ်တေးကို ခေါ်ယူထားခဲ့ပြီးဖြစ်သော်လည်း ယခုချိန်အထိတော့ ပွဲထုတ်ခြင်းမရှိသေးပါဘူး။