မန်ချက်စတာ ယူနိုက်တက် အသင်း ရှယ်ယာ တွေ မကြုံဖူးအောင် ဆိုးဆိုးဝါးဝါး ထိုးကျပြီး မတည်ငြိမ် ဖြစ်လာနေ

ကာတာ သန်းကြွယ်သူဌေးဖြစ်သူ ရှိတ်ဂျာဆင် မန်ချက်စတာယူနိုက်တက်ကို ဝယ်ယူဖို့ ကြိုးပမ်းမှုအပေါ် လက်လျှော့ သွားတဲ့နောက် အသင်းရဲ့ရှယ်ယာတန်ဖိုးက ဆိုးဆိုးရွားရွား ကျဆင်းသွားပါတယ်။

အခုလောလောဆယ် ယူနိုက်တက်ကို ဝယ်ဖို့ ကြိုးပမ်းနေတာက ဆာ ဂျင်မ်ရက်ဒ်ကလစ်ဖ် တစ်ဦးသာ ကျန်ရှိတော့တာပါ။

ဗြိတိန်နိုင်ငံရဲ့အချမ်းသာဆုံး စီးပွားရေးသမားဖြစ်သူ ရက်ဒ်ကလစ်ဖ်ဟာ မန်ယူအသင်းကို အလုံးစုံ ဝယ်ယူနိုင်မှာ မဟုတ်ဘဲ ဂလေဇာမိသားစုဆီကနေ ရှယ်ယာ ၂၅ ရာခိုင်နှုန်းကို ပေါင် ၁.၄ ဘီလီယံနဲ့ဝယ်ယူခဲ့ပေမယ့် ဂလေဇာ မိသားစုက အသင်းရဲ့အဓိက ရှယ်ယာရှင်တွေအဖြစ် ဆက်ရှိနေဦးမှာပါ။

ယူနိုက်တက်ကို ဝယ်ယူဖို့ ရှိတ်ဂျာဆင် လက်လျှော့လိုက်ပြီဆိုတဲ့ သတင်းက အသင်းရဲ့စတော့တန်ဖိုးအပေါ် ကြီးမားတဲ့သက်ရောက်မှု ဖြစ်စေပြီး ညတွင်းချင်းမှာပဲ ရှယ်ယာတစ်ခု တန်ဖိုးက ၂၂ ရာခိုင်နှုန်းအထိ ကျဆင်းသွားပါတယ်။

အခုဆိုရင် ယူနိုက်တက်အသင်းရဲ့ ရှယ်ယာတန်ဖိုးက ၁၃.၉၈ ပေါင်သာ ရှိတော့ပြီး ဒါဟာ ပြီးခဲ့တဲ့နှစ်၊ နိုဝင်ဘာလ အတွင်း အသင်းကို ရောင်းချမယ်လို့ ဂလေဇာမိသားစုက ထုတ်ပြန်ကြေညာ ခဲ့ပြီးနောက်ပိုင်း အဆိုးရွားဆုံးလည်း ဖြစ်ပါတယ်။

ယူနိုက်တက်အသင်း အရောင်းအဝယ်ကိစ္စကြောင့် ပြီးခဲ့တဲ့လတွေအတွင်း အသင်းရဲ့ ရှယ်ယာတန်ဖိုးကလည်း တည်ငြိမ်မှုမရှိဘဲ အတက်အကျများနေပြီး ရှိတ်ဂျာဆင်နဲ့’ဆာ’ဂျင်မ်ရက်ဒ်ကလစ်ဖ်တို့ဟာ အခုနှစ်အစပိုင်းက ယူနိုက်တက်ကို ပေါင် ၅ ဘီလီယံနဲ့ဝယ်ယူဖို့ အပြိုင်ကမ်းလှမ်းခဲ့ကြပါတယ်။

ဒါပေမဲ့ သြဂုတ်လအတွင်း ဂလေဇာမိသားစုက သူတို့ပိုင်ဆိုင်တဲ့ ရှယ်ယာတွေထဲက အနည်းစုကိုသာ ရောင်းချမယ်လို့ ထုတ်ပြန်ခဲ့ပြီးတဲ့နောက် အသင်းရဲ့ရှယ်ယာတန်ဖိုးဟာ ဆက်တိုက်ဆိုသလို ကျဆင်းခဲ့ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့လက ဂလေဇာမိသားစုဟာ ယူနိုက်တက်ကို ရောင်းချမှာမဟုတ်ဘဲ တကယ်လို့ရောင်းမယ်ဆိုရင်လည်း ပေါင် ၁၀ ဘီလီယံအထိ လိုချင်တယ်ဆိုတဲ့ သတင်းထွက်ပေါ်ခဲ့ပြီးနောက်ပိုင်း ရှယ်ယာတန်ဖိုးက ၂၁ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့တာဖြစ်ပါတယ်။

ဂလေဇာမိသားစုက ၂၀၂၅ ခုနှစ်မှပဲ အသင်းကို ရောင်းချမယ့် အနေအထားရှိပြီး ယူနိုက်တက်ရဲ့ကွင်းတွင်းနဲ့ ဘဏ္ဍာရေးအခြေအနေ မြင့်တက်လာရင် အသင်းကို ဝယ်ယူဖို့ ကမ်းလှမ်းမယ့်သူ ပိုများလာ နိုင်တယ်လို့ ယုံကြည်ထားပါတယ်။

အသင်းပိုင်ရှင်အဖြစ် ဂလေဇာမိသားစု ဆက်ရှိနေဦးမယ်ဆိုတာက ယူနိုက်တက် ပရိသတ်တွေအတွက် သတင်းဆိုး ဖြစ်စေပြီး ပရိသတ်တွေကတော့ ဂလေဇာမိသားစု အသင်းကို ရောင်းချဖို့ ဆက်လက်ဖိအားပေးသွားမှာဖြစ်ပါတယ်။

ယူနိုက်တက်ပရိသတ်တွေဟာ ဂလေဇာဆန့်ကျင်ရေးအစီအစဉ်တွေကို အရှိန်မြှင့်ဆောင်ရွက်သွားဖို့ရှိတာကြောင့် ကိုပင်ဟေဂင်နဲ့ ချန်ပီယံလိဂ် ပွဲကျရင် လုံခြုံရေးတိုးမြှင့်ဖို့ တာဝန်ရှိသူတွေက စီစဉ်ထားတယ်လို့ သတင်းထွက်နေပါတယ်။