ပြန်လာတော့မယ့် မာလာစီယာ၊ ဂရင်းဝုဒ် ရောင်းဈေး၊ နောက်တန်းပစ်မှတ်၊ ရှယ်ယာ အမြန်ဝယ်တော့မယ့် ဗြိတိန်သူဌေးနဲ့ မန်ယူ ထူးခြား သတင်းတိုများ

မန်ယူအသင်းနောက်ခံအစွန်လူ မာလာစီယာ တစ်ယောက် ယခုနှစ် မကုန်ခင် အသင်းအတွက် ပြန်လည် ကစားပေးဖို့ ရှိနေကြောင်း သတင်းရရှိပါတယ်။

မန်ယူအသင်း တိုက်စစ်မှူး ဟွိုင်လန်းကတော့ ဆမ်မာရီယို အသင်းနဲ့ ကစားခဲ့တဲ့ ယူရို ခြေစစ်ပွဲမှာ ပြိုင်ဘက် ကစားသမားတွေက သူ့ကို အဓိက တိုက်ခိုက် ကစားခဲ့ကြတယ်လို့ ပြောဆိုခဲ့တာကြောင့် ဆမ်မာရီယို ကစားသမားတွေက ဟွိုင်လန်းက လိမ်လည် ပြောဆိုနေတာလို့ ပြန်လည် ပြစ်တင် ပြောဆိုနေကြပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ လုခ်ရှော ကြွက်သားဒဏ်ရာ ရှိနေပြန်တာကြောင့် အင်တာမီလန်မှ နောက်တန်း အစွန်ကစားသမား ဒီမာကိုအား ခေါ်ယူရန် စိတ်ဝင်စားနေပါတယ်။

ရှိတ်ခ် ဂျက်ဆင်တို့ ကာတာအဖွဲ့ဟာ မန်ယူအသင်းကို ကြားဖြတ် ဝယ်ယူဖို့ လုံး၀ နောက်ဆုတ်လိုက်ပြီ ဖြစ်ကြောင်း သိရပါတယ်။

ဒါ့အပြင် ၎င်းတို့အဖွဲ့ဟာ မန်ယူအသင်းကို မဝယ်ယူတော့ပဲ ရောင်းချဖို့ သတင်းထွက်နေတဲ့ စပါးအသင်းကိုသာ ပြန်လည် ဝယ်ယူဖို့ ကြိုးစားလာဖွယ် ရှိနေကြောင်း သိရပါတယ်။

ဂီတာဖေးမှာ အငှားထွက် ကစားနေတဲ့ ဂရင်းဝုဒ်ကို ယူနိုက်တက် ရောင်းချရန် ပြင်ဆင်လာပြီး ယူရို ၂၀-၂၅ သန်း ရရင် ရောင်းမယ် လို့ သတင်းထွက်နေပါတယ်။

မန်ချက်စတာ ယူနိုက်တက် အမျိုးသမီးအသင်းရဲ့ နည်းပြ မက် စကင်နာ ဟာ အမျိုးသမီး ချန်ပီယံလိဂ် ပြိုင်ပွဲရဲ့ ပုံစံ အပေါ် ဝေဖန်ပြောဆိုခဲ့ ပါတယ်။ မနှစ်တုန်းက အမျိုးသမီးစူပါလိဂ်မှာ အဆင့် ၂ ရခဲ့တဲ့ မန်ယူနိုက်တက် ဟာ တိုက်ရိုက် ဝင်ခွင့် မရခဲ့တာကြောင့် ခြေစစ်ပွဲ ကစားခဲ့ရပြီး PSG အမျိုးသမီးအသင်းကို ၄-၁ နဲ့ ရှုံးနိမ့်ကာ ပြိုင်ပွဲ ကနေ ထွက်ခွာခဲ့ရပါတယ်။

မန်ယူနိုက်တက် ရဲ့ ရှယ်ယာ ၂၅% ကို ဝယ်ယူဖို့ စီစဉ်ထားတဲ့ ဗြိတိန် ဘီလီယံနာကြီး ဆာ ဂျင် ရတ်ကလစ် ဟာ သူ့ရဲ့ ဝယ်ယူရေး အစီအစဉ်ကို ဇန်နဝါရီ မတိုင်ခင် အပြီးသတ်ကာ အပြောင်းအရွှေ့ ဈေးကွက် ဖွင့်ချိန်မှာ အသင်းအတွက် ပါဝင် ကူညီပေးနိုင်ဖို့ မျှော်လင့်နေတယ်လို့ သိရပါတယ်။