ဟွိုင်လန်း မန်ယူအတွက် ဂိုး လုံးဝ မသွင်းသေးတာနဲ့ လူစားလဲခဲ့တာ အတွက် နည်းပြ တန်ဟက် ဖြေရှင်းချက်ပေး

ဒီနှစ်နွေမှာ ရောက်လာတဲ့ မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှုးသစ် ဟွိုင်လန်းဟာ မနေ့ညက အမှတ်ပေး ဇယား အောက်ခြေက ရှက်ဖီး အသင်းနဲ့ပွဲမှာ မန်ယူတိုက်စစ်ကို ဦးဆောင်ခွင့်ရခဲ့ပေမယ့် ဂိုးသွင်းနိုင်ခြင်း မရှိခဲ့ပါဘူး။

ဒိန်းမတ်သားဟာ မန်ယူအတွက် ၆ ပွဲကစားပေးခဲ့ပြီးဖြစ်ပေမယ့် အခုချိန်ထိကို ပရီးမီးယားလိဂ်သွင်းဂိုးမရသေးတာပါ။

ရှက်ဖီးယူနဲ့ပွဲမှာ ဒုတိယပိုင်း ၆၃ မိနစ်ရောက်တော့ တန်ဟက်က ဟွိုင်လန်း ကို မာရှယ်နဲ့ လူးစားလဲလိုက်ပါတယ်။ ၁-၁ ဖြစ်နေချိန်မှာ လူစားလဲခဲ့တာဖြစ်လို့ တန်ဟက်ရဲ့ဆုံးဖြတ်ချက်ဟာ အံ့အားသင့်စရာလည်း ဖြစ်ခဲ့တာပါ။

ဒါပေမဲ့ တန်ဟက်ကတော့ ပရီးမီးယားလိဂ်မှာ ဟော့လန်းဂိုးမရသေးတာကို စိုးရိမ်ခြင်း မရှိပါဘူး။ လူစားလဲဖြစ်ခဲ့တဲ့ အကြောင်းကိုလည်း ပွဲအပြီးမှာ ခုလို ရှင်းပြခဲ့ပါတယ်။

”ပရီးမီးယားလိဂ်မှာ ဟွိုင်လန်း ဂိုးမသွင်းနိုင်သေးတာက စိုးရိမ်စရာ မဟုတ်ပါဘူး။ ဒိန်းမတ်အတွက် သူ ဂိုးသွင်း ပေးနေသလို ချန်ပီယံလိဂ်မှာလည်း ကျွန်တော်တို့အတွက် သူ ဂိုးသွင်းနေပါတယ်။

ပရီးမီးယားလိဂ်မှာလည်း ကျွန်တော်တို့အတွက် သူ ဂိုးသွင်းပေးပါလိမ့်မယ်။ အဲဒီအတွက် ကျွန်တော်ကတော့ သံသယမရှိပါဘူး။

ဒီနေ့မှာဆို ၂ ကြိမ် ၃ ကြိမ်လောက် အနေအထားကောင်း တစ်ခုမှာ သူရှိခဲ့တာပါ။ သူ့အချိန်ရောက်လာမှာဖြစ်သလို အဲဒီကျ သူအဆုံးသတ်နိုင်မှာပါ”လို့ တန်ဟက်က ပြောခဲ့ပါတယ်။

ဒါ့အပြင် ဟော့လန်းကို လူစားလဲတာနဲ့ပတ်သက်လို့ တန်ဟက်က

”သူက မကြာခဏဆိုသလို ပွဲချိန်ပြည့်ကန်ရပါတယ်။ ဒါပေမဲ့ သူ့မိနစ်တွေကို ကောင်းကောင်းကိုင်တွယ်နိုင်ရမှာပါ။ သူ့ ကြံ့ခိုင်မှုပိုင်း အတွက် အပြောင်းအလဲလုပ်ရပါတယ်။ အဲဒါမှသာ ပွဲတိုင်းမှာ လန်းဆန်းမှုအပြည့်၊ အာရုံစိုက်မှုအပြည့်နဲ့ ကစားနိုင်မှာပါ။ နောက်ထပ်ပွဲတွေက အများကြီးလေဗျာ”လို့ ဆက်ပြောခဲ့တာပါ။

ချန်ပီယံလိဂ်မှာတော့ မန်ယူအတွက် ဂိုးသွင်းပေးထားတဲ့ဟော့လန်းဟာ လာမယ့်ကြားရက်မှာ အသင်းဟောင်း ကိုပင်ဟေဂင်နဲ့ ပြန်ဆုံတွေ့မှာ ဖြစ်ပါတယ်။