မန်ယူမှာ အဲရစ် တန်ဟက် ပြုတ်ရင် အစားဝင်ဖို့ နည်းပြသစ် အဖြစ် ချယ်ဆီးနည်းပြဟောင်း ပေါ်တာ ရေပန်းစားနေ
ချဲလ်ဆီး အသင်း နည်းပြဟောင်း ဂရေဟမ် ပေါ်တာက အဲရစ် တန်ဟက်သာ အိုးထရက်ဖို့ဒ်ကနေ ထွက်ခွာခဲ့မယ်ဆိုရင် နည်းပြသစ်ဖြစ်လာဖို့အတွက် ထိပ်ဆုံးကနေ ရေပန်းစားနေတယ်လို့ သတင်းထွက်လာပါတယ်။
မန်ချက်စတာယူနိုက်တက်အနေနဲ့ ဂရေဟမ် ပေါ်တာ ကို နည်းပြသစ်အဖြစ် ခန့်အပ်ချင်တယ်ဆိုရင် ပေါ်တာ ကို နာပိုလီကလည်း လိုချင်နေတာကြောင့် လျင်လျင်မြန်မြန် လုပ်ဆောင်ဖို့ လိုအပ်မှာဖြစ်ပါတယ်။

အသက် ၄၈ နှစ်အရွယ် နည်းပြဟာ စတမ်းဖို့ဒ် ဘရစ်ချ်မှာ စိတ်ပျက်ဖွယ် ၇ လတာကာလကို ဖြတ်သန်းခဲ့ပြီးနောက် ပြီးခဲ့တဲ့ ဧပြီလမှာ ချဲလ်ဆီးကနေ ထုတ်ပယ်ခြင်းခံခဲ့ရပြီးကတည်းက အသင်းလက်မဲ့ဖြစ်နေသူဖြစ်ပြီး ချဲလ်ဆီးနည်းပြဘဝ ၃၁ ပွဲ ကိုင်တွယ်ခဲ့ရာမှာ ၁၂ ပွဲသာ အနိုင်ရခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့်လည်း ဂရေဟမ် ပေါ်တာ ဟာ ဘရိုက်တန်မှာ လုပ်ဆောင်ခဲ့တဲ့ အထင်ကြီးစရာလုပ်ဆောင်မှုတွေကြောင့် ကောင်းမွန်တဲ့ ဂုဏ်သတင်းပိုင်ဆိုင်ထားဆဲဖြစ်ပြီး ချဲလ်ဆီးကနေ ထုတ်ပယ်ခံရပြီးကတည်းက နိစ်၊ လက်စတာစီးတီး၊ ခရစ္စတယ် ပဲလေ့စ်၊ ရိန်းဂျားစ်၊ လီယွန်တို့နဲ့ သတင်းတွေ ထွက်ပေါ်နေခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့်လည်း ပေါ်တာ က ချန်ပီယံလိဂ်ကစားခွင့်ရထားတဲ့ အသင်းတွေမှာ နည်းပြနေရာလစ်လပ်တာကို စောင့်ဆိုင်းနေတယ်လို့ သိရပြီး အဲဒီသတင်းက ယခုနွေရာသီမှ အသင်းကို တာဝန်ယူခဲ့တဲ့ ရူဒီ ဂါစီယာလက်အောက်မှာ ရုန်းကန်နေရတဲ့ စီးရီးအေချန်ပီယံ နာပိုလီအတွက် ဝမ်းသာစရာဖြစ်လာခဲ့တာဖြစ်ပါတယ်။
ချဲလ်ဆီး၊ စပါးစ်၊ အင်တာမီလန်နည်းပြဟောင်း အန်တိုနီယို ကွန်တီကလည်း မန်ယူနိုက်တက် နည်းပြသစ် ဖြစ်လာနိုင်တဲ့သူအဖြစ် ယူဆခြင်းခံခဲ့ရပါတယ်။
ဒါပေမယ့် လည်း မန်ယူအသင်း ရှယ်ယာရှင်သစ် ဆာဂျင်မ် ရက်ကလစ်ဖ်က ပေါ်တာ ကို အရမ်းနှစ်သက်တာကြောင့် INEOS ဥက္ကဌသာ မန်ယူနိုက်တက်ရဲ့ တစိတ်တပိုင်းကို အပြီးသတ်ဝယ်ယူပြီးရင် တန်ဟက်ရဲ့နေရာမှာ အစားထိုးခန့်အပ်မယ့် နည်းပြလောင်းစာရင်းမှာ ချဲလ်ဆီးနည်းပြဟောင်းက ဦးဆောင်သူဖြစ်လာလိမ့်မယ်လို့ The Sun က ဖော်ပြခဲ့ပါတယ်။
ရက်ကလစ်ဖ်ဟာ မန်ချက်စတာယူနိုက်တက်ရဲ့ ရှယ်ယာ ၂၅ ရာခိုင်နှုန်းကို ပေါင် ၁.၅ ဘီလီယံဝန်းကျင်နဲ့ ဝယ်ယူဖို့ ပြင်ဆင်နေတာဖြစ်ပြီး ဘောလုံးလုပ်ငန်းဆောင်တာတွေကို ထိန်းချုပ်သွားမှာ ဖြစ်ပါတယ်။