ဘာစီလိုနာ ချိန်နေတဲ့ ချဲလ်ဆီး တိုက်စစ်မှုး၊ ဂျော်ဂျင်ဟိုရဲ့ ဘလွန်းဒီအော ဖီလင်နဲ့ ချဲလ်ဆီး သတင်းတိုများ

ဘာစီလိုနာ နည်းပြသစ် ဇာဗီဟာ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ တိုက်စစ်မှုး တစ်ယောက် ခေါ်ယူဖို့ ပြင်ဆင်နေပြီး ချဲလ်ဆီးမှာ တီမိုဗာနာ၊ မန်ယူမှ ကာဗာနီနဲ့ မန်စီးတီးမှ စတားလင်းတို့ကို ချိန်ရွယ်နေပါတယ်။

ချဲလ်ဆီးအနေနဲ့ ဇန်နဝါရီအပြောင်းအရွှေ့မှာ အက်သလက်တီကို မက်ဒရစ် ကနေ အငှားနဲ့ ခေါ်ယူထားတဲ့ကွင်းလယ်လူ ဆောနီဂွတ်ဇ်ကို ပြန်လည် စေလွှတ်သွားဖွယ် ရှိနေပါတယ်။ ဆောနီဂွတ်ဇ် အနေနဲ့ ချဲလ်ဆီးမှာ ခြေစွမ်းမပြနိုင်ဘဲ ရုန်းကန်နေရပါတယ်။

ချဲလ်ဆီးနောက်ခံလူ ဘင်ချီဝဲလ်က သူ့ကိုခြေစွမ်းပိုင်းပြန်တိုးတက်အောင် စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ နည်းပြတူချယ်ကို ချီးကျူးခဲ့ပါတယ်။ သူနဲ့ တူချယ်တို့ဟာ ပွင့်ပွင့်လင်းလင်း ရှိကြကြောင်း၊ တူချယ်လိုနည်းပြမျိုးကိုပိုင်ဆိုင်ထားရတာ သူ့အတွက် ကောင်းမွန်မှုရှိကြောင်း ချီဝဲလ်ကဆိုခဲ့တာပါ။

ချဲလ်ဆီး ကွင်းလယ်လူ ဂျော်ဂျင်ဟိုက ဘလွန်းဒီအော ဆုကိုပေးအပ်ရာမှာ တစ်ဦးချင်းသွင်းဂိုးတွေကို အခြေခံပြီး မပေးသင့်ကြောင်း ပြောဆိုလိုက်ပါတယ်။ ၎င်းက ဒီဆုကို ရချင်လို့ပြောခြင်း မဟုတ်ကြောင်း၊နဲ့ ဆုနဲ့ ပတ်သက်ပြီး များစွာ မျှော်လင့်ချက် မထားရှိကြောင်း ဖွင့်ဟခဲ့ပါတယ်။

ဂျာမနီဂန္ထဝင် မာတီးယက်စ်က ချန်ပီယံလိဂ်ဖလားကို ရယူနိုင်တဲ့အသင်းစာရင်းကို သုံးသပ်ခဲ့ရာ ပရီးမီးယားလိဂ်ကလပ် ချဲလ်ဆီးကိုလည်း ထည့်သွင်းခန့်မှန်းခဲ့ပါတယ်။

“ကျွန်တော့်အတွက်တော့ ချန်ပီယံလိဂ်ဖလားကိုချဲလ်ဆီး၊ မန်စီးတီး၊ လီဗာပူး၊ ဘိုင်ယန်တို့ ထဲက ရမယ် ထင်ပါတယ်”လို့ မာတီးယက်စ်က ဖွင့်ဟခဲ့ပါတယ်။

ချဲလ်ဆီးကွင်းလယ်လူ ဂျော်ဂျင်ဟိုက သူပြီးရင် ပရီးမီးယားလိဂ်မှာ အသင်းဖော်ကန်တီနဲ့ မန်စီးတီးကွင်းလယ်ဖန်တီးရှင် ဒီဘရိုင်းတို့က အကောင်းဆုံး ကစားသမားတွေဖြစ်ကြကြောင်း၊ သူ့အနေနဲ့ ဒီဘရိုင်းနဲ့ ကန်တီတို့ကိုလေးစားမှုရှိကြောင်း ဖွင့်ဟခဲ့ပါတယ်။

ချဲလ်ဆီးကစားသမားဟောင်း ကပ်စ်ကာရီနိုက ပဲလေ့စ်မှာ ခြေစွမ်းပြနေတဲ့ လူငယ်ကြယ်ပွင့် ဂယ်လင်ဟာအနေနဲ့ လာမဲ့ရာသီ တူချယ်ရဲ့ လက်အောက်မှာ ကစားခွင့်ရဖို့ ထိုက်တန်ကြောင်း ထောက်ခံစကား ဆိုလိုက်ပါတယ်။

ဒီအချိန်မှာ ဂယ်လင်ဟာ အနေနဲ့ ချဲလ်ဆီးက ဗဟိုကွင်းလယ်လူတွေထက်တောင် ပိုကောင်းနေကြောင်း၊ ဂယ်လင်ဟာအနေနဲ့ ပဲလေ့စ်အတွက် ၁၀ ဂိုးလောက် သွင်းနိုင်မယ် လို့ ထင်မှတ်မိကြောင်း ၎င်းက ဆိုခဲ့ပါတယ်။