ရီးရဲလ်ကို စွန့်ပြီး မန်ချက်စတာ ယူနိုက်တက်ကို ပြောင်းခဲ့တာ အတွက် ကာဆီမီရို နောင်တရနေကြောင်း သတင်းထွက်

ရီးရဲလ်မက်ဒရစ် ဂန္တဝင်၊ လက်ရှိ မန်ယူ ကွင်းလယ်ကစားသမား ကက်စမီရိုဟာ မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့မိတာ မှားသွားပြီလို့ ထင်မြင်နေကြောင်း သတင်းတွေက ဖော်ပြခဲ့ပါတယ်။

အိုးထရက်ဖို့ဒ်မှာ အထင်ကြီးဖွယ် ပွဲဦးထွက်ရာသီကို ပိုင်ဆိုင်ခဲ့ပြီးနောက် ကာဆီမီရို ဟာ အင်္ဂလန်က ဒုတိယရာသီကို ခက်ခက်ခဲခဲ ဖြတ်သန်းနေရတာဖြစ်ပြီး ဘရာဇီးလ်ကွင်းလယ်လူဟာ ပုံမှန်ခြေစွမ်း မရှိနေသလို ခြေစွမ်းပိုင်း မတည်ငြိမ်တဲ့ ယူနိုက်တက်အတွက် ပိုပြီး ဆိုးရွားစေခဲ့တာဖြစ်ပါတယ်။

ကာဆီမီရို ဟာ ဂလာတာဆာရေးကို ရှုံးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ထုတ်ပယ်ခံခဲ့ရပြီး ဘရန့်တ်ဖို့ဒ်နဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာလည်း ပထမပိုင်းအပြီးမှာပဲ လူစားလဲလှယ်ခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။

ဘရာဇီးလ်သတင်းတွေရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်ဟာ ကာဆီမီရို ရဲ့ စွမ်းဆောင်ရည်ကို မပျော်မရွှင် ဖြစ်နေသလို ဘရာဇီးလ် ကွင်းလယ်လူကလည်း အိုးထရက်ဖို့ဒ်ကိုပြောင်းမိတာ နောင်တရနေတယ်လို့ သိရပါတယ်။

ကာဆီမီရို ဟာ ကွင်းတွင်းရော ကွင်းပြင်ပမှာပါ မတည်မငြိမ်ဖြစ်နေတဲ့ အသင်းအတွက် ရီးရဲလ်မက်ဒရစ်ကို စွန့်ခွာခဲ့မိတာ နောင်တရနေပြီး အဓိကဖလားတွေ ပုံမှန်ရနေတဲ့အခြေအနေကနေ ပြည်တွင်း ရှုံးထွက် ဖလား တစ်လုံးတောင် နပ်မမှန်ချင်တဲ့ အခြေအနေကို ကျဆင်းသွားခဲ့တယ်လို့ ခံစားနေရတာဖြစ်ပါတယ်။

အဲဒီအပြင် မန်ချက်စတာယူနိုက်တက်က ဘရာဇီးလ်ကွင်းလယ်လူရဲ့ နေရာမှာ ကာလရှည် အစားထိုးမှုအဖြစ် ဘင်ဖီကာ ကွင်းလယ်လူ ဂျာအို နက်ဗက်စ်ကို သတ်မှတ်ခဲ့တာကြောင့် ကာဆီမီရို အတွက် ပိုပြီး စိတ်ပျက်စရာ ဖြစ်လာခဲ့တာဖြစ်ပါတယ်။