တိုက်စစ်မှုး ဟွိုင်လန်း ကို မန်ယူအသင်းဖော်တွေက မကူဘဲ ပစ်ပယ်ထားကြကြောင်း စွပ်စွဲချက် ထွက်ပေါ်
ပြီးခဲ့တဲ့ ရှက်ဖီးလ် ယူနိုက်တက် နဲ့ ပွဲစဉ်မှာ မန်ချက်စတာ ယူနိုက်တက် ကစားသမားတွေဟာ ၎င်းတို့ရဲ့အသင်းဖော် တိုက်စစ်မှူး ဟွိုင်လန်းကို အကူအညီမပေးကြဘဲ လျစ်လျူရှုခဲ့ကြတယ်လို့ စွပ်စွဲခံနေရပါတယ်။
အသက်၂၀ နှစ်အရွယ်တိုက်စစ်ကစားသမားဟာ ပြီးခဲ့တဲ့ နွေရာသီက စီးရီးအေကလပ် အတ္တလန္တာမှ အိုးလ်ထရက်ဖို့ဒ်သို့ ပေါင် ၇၂ သန်းနဲ့ ပြောင်းရွှေ့လာခဲ့ပြီး ၎င်းရဲ့ပွဲဦးထွက် ပထမဆုံး ပရီးမီးယားလိဂ်ရာသီကို ဖြတ်သန်းနေပြီဖြစ်ပါတယ်။

ရှက်ဖီးလ်နဲ့ ပွဲစဉ်မှာ ယူနိုက်တက်က ၁-၂ နဲ့ အနိုင်ရရှိခဲ့ပြီး အသင်းအတွက်အဖွင့်ဂိုးကို ပွဲကစားချိန် ၂၈ မိနစ်မှာ ကွင်းလယ်လူ တော်မီနေးက သွင်းယူပေးခဲ့သော်လည်း ၆ မိနစ်အကြာမှာပဲ ရှက်ဖီးလ်က ပင်နယ်တီမှ တစ်ဆင့်ပြန်လည်ချေပခဲ့ပါတယ်။
ဟွိုင်လန်း ဟာ ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိတာကြောင့် ဒုတိယပိုင်း ၆၃ မိနစ်မှာ လူစားလဲခံခဲ့ရပြီး ယူနိုက်တက်အတွက် အနိုင်ဂိုးကို နောက်ခံလူ ဒီယေဂိုဒါလော့က ၇၇ မိနစ်မှာသွင်းယူပေးခဲ့ပါတယ်။
ပွဲအပြီးမှာ ချဲလ်ဆီးဂန္ထဝင်ကစားသမားဟောင်း ဂူလစ်က ယူနိုက်တက်ကစားသမားတွေဟာ ဟွိုက်လန်းကို ဂိုး ရရှိအောင် ပံ့ပိုးနိုင်ဖို့ ပျက်ကွက်ခဲ့ကြတယ်လို့စွပ်စွဲပြောဆိုခဲ့ပါတယ်။
ဂူလစ်က “ကျွန်တော်ကတော့ အသင်းရဲ့တိုက်စစ်မှူးကို ဂိုးသွင်းယူနိုင်အောင် သူ့အသင်းဖော်တွေက ကူညီပံ့ပိုးပေးဖို့ လိုတယ်လို့ မြင်ပါတယ်။ တိုက်စစ်မှူးတွေက ဂိုးတွေရရှိမှ ယုံကြည်မှုတိုးပွားကြတာပါ။
မန်ချက်စတာ ယူနိုက်တက်ကစားသမားတွေက မှန်ကန်တဲ့ဧရိယာမှာနေရာယူထားတဲ့ ဟွိုင်လန်း ကို လိုက်တောင် မရှာခဲ့ကြပါဘူး။ ကစားသမားတော်တော်များများက ကိုယ်တိုင်ဂိုးသွင်းယူဖို့ ကြိုးစားနေတာကို မြင်ခဲ့ရပါတယ်။
သူတို့က ဂိုးပေါက်ကိုအချိန်တိုင်း ကန်ထည့်ဖို့ပဲ စိတ်အားထက်သန်နေပါတယ်။ ကျွန်တော် ဗန်ဘာစတင်နဲ့အတူတူ ကစားခဲ့တုန်းကဆိုရင် သူ့ကိုပဲအမြဲတမ်းဘောလုံးပေးပြီး ဂိုးသွင်းစေခဲ့ပါတယ်။ သူ့ကိုမပေးဘဲ ကျွန်တော်က န်လိုက်ရင်လည်း ဂိုးရရှိနိုင်ပေမယ့် သူ့ကိုဂိုးသွင်းခိုင်းတာက ပိုမှန်ကန်လို့ပါ။
အားလုံးသိတဲ့အတိုင်း တိုက်စစ်မှူးတွေက တစ်ကိုယ်ကောင်းဆန်တယ်။ သူတို့က ဂိုးသွင်းဖို့လိုအပ်တယ်။ သူတို့အသင်းမှာ ပျော်ရွှင်နေတယ် ဆိုရင် အသင်းကိုကြီးကြီးမားမားပြောင်းလဲမှုတွေ ပြုလုပ်ပေးနိုင်ပါတယ်”လို့ပြောကြားခဲ့ပါတယ်။
ဟွိုင်လန်း ဟာ ယူနိုက်တက်ကစားသမားဘဝ ပထမဆုံးဂိုးကို ဘိုင်ယန်မြူးနစ်နဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ စတင်သွင်းယူခဲ့ပြီး ဂါလာတာစာရေးနဲ့ပွဲမှာလည်း ဂိုးတွေ ဆက်လက်သွင်းယူနိုင်ခဲ့ပါတယ်။ သို့သော် ယူနိုက်တက်ကတော့ အဆိုပါပွဲစဉ် ၂ ပွဲစလုံးကိုရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။