ဒီည ချန်ပီယံလိဂ် ပွဲအတွက် ဆုံးဖြတ်ရခက်တဲ့ အခြေအနေမျိုးတွေ ရင်ဆိုင်နေရတဲ့ မန်ယူ နည်းပြ တန်ဟတ်

ဒီည ကိုပင်ဟေဂင်နဲ့ အရေးပါတဲ့ ချန်ပီယံလိဂ် အုပ်စု ပွဲစဉ်အတွက် မန်ယူနည်းပြ အဲရစ်တန်ဟတ် မှာ အတော် ခေါင်းခဲစရာ အခြေအနေတစ်ခု ရင်ဆိုင်နေရပြီလို့ သိရပါတယ်။

မန်ယူအသင်းဟာ ဒီရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ကစားခဲ့တဲ့ ၂ ပွဲစလုံး ကို ရှုံးထားတာဖြစ်တဲ့အတွက် အုပ်စုတက်ဖို့ လက်ကျန်ပွဲတွေမှာ ရလဒ်ကောင်းတွေရဖို့ မဖြစ်မနေ လိုအပ်လာပြီ ဖြစ်ပါတယ်။

ဒါကြောင့် အသင်းအတွက် အရေးပါတဲ့ သွင်းဂိုးတွေကို သွင်းပေးနိုင်မယ့် တိုက်စစ်ကစားသမားတွေကို ရွေးချယ်တဲ့ နေရာမှာ အရေးကြီးတဲ့ ဆုံးဖြတ်ချက်မျိုး ချဖို့ လိုအပ်လာနေတာပါ။

လက်ရှိ မန်ယူအသင်းမှာဆိုရင် တိုက်စစ်မှူးရက်ရှ်ဖို့ဒ်ထက် နောက်ခံကစား သမားတွေရဲ့ သွင်းဂိုးတွေက ပိုများနေတာပါ။ ဒါလော့၊ ဗာရန်းတို့လို နောက်ခံလူတွေတောင် တစ်ဂိုးစီ သွင်းထားနိုင်တဲ့ အချိန်မှာ အဓိက တိုက်စစ်မှူးဖြစ်တဲ့ ရက်ရှ်ဖို့ဒ်က တစ်ဂိုးပဲ သွင်းနိုင်ပါသေးတယ်။

နောက်ပြီး ညာတောင်ပံ ကစား သမားဖြစ်တဲ့ အန်တိုနီဆိုရင်လည်း ယုံကြည်မှု ပျောက်နေပြီး ခြေထောက်ထဲ ကို ဘောလုံးရောက်လာတဲ့အခါ ပြိုင်ဘက်ကစားသမားကို ကျော်ဖြတ်ပြနိုင်ဖို့ ထက် လူပြန်ပေးတဲ့ ပုံစံမျိုးပဲ ရှိနေပါတယ်။

အန်တိုနီတစ်ယောက် မန်ယူအ တွက် နောက်ဆုံးသွင်းပေးခဲ့တဲ့ ဂိုးက နော်တင်ဟမ်ဖောရက်စ်နဲ့ ပွဲဖြစ်ခဲ့ပြီး ဂိုး မသွင်းနိုင်တာ ၁၆ ပွဲတိတိ ရှိနေပြီဖြစ်ပါတယ်။

ဒါကြောင့် ဒီည ကစားမယ့်ပွဲမှာ အဲရစ်တန်ဟတ်အနေနဲ့ မန်ယူအသင်း ဦးစားပေးလူစာရင်းကို ရွေးဖို့ အကျပ်ရိုက် နေတာမျိုး ရှိနေတယ်လို့ ယူနိုက်တက် အခြေစိုက် သတင်းတွေက ဖော်ပြလာတာပါ။

လက်ရှိမှာ ရက်ရှ်ဖို့ဒ်နဲ့ အန်တိုနီရဲ့ နေရာကို အစားဝင်နိုင်တဲ့ ကစား သမားနှစ်ယောက်ဖြစ်တဲ့ ဂါနာချိုနဲ့ ပယ်လီစထရီတို့ ရှိနေပေမဲ့လည်း နည်းပြ တန်ဟတ်ကတော့ ဦးစားပေး ကစားသမားတွေကိုပဲ ပွဲထုတ်နေတာမျိုးရှိပါ တယ်။

ဒါ့အပြင် ရက်ရှ်ဖို့ဒ်ဟာ အကျပ်အတည်းကာလတစ်ခုကို ဖြတ်ကျော် နေရတာဖြစ်ပြီး ဒါဟာ ကစားသမားတိုင်းမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ကိစ္စမျိုးဖြစ် သလို ဒီအခက်အခဲကာလ ကျော်လွန်တာနဲ့ စူပါရက်ရှ်ဖို့ဒ်ကို ပြန်ပြီး မြင်ရမှာ ဖြစ်တယ်လို့ နယ်သာလန်သား နည်းပြက ပြောထားတာမျိုးရှိပါတယ်။

ကွင်းလယ်ပိုင်းမှာဆိုရင်လည်း တန်ဟတ်ဟာ လက်ရှိမှာ ခြေစွမ်းပြနေတဲ့ တော်မီနေး နဲ့ မေဆင်မောင့်တို့ကြား ဘယ်သူ့ကို ဦးစားပေးပြီး ပွဲထုတ်ရမယ်ဆိုတာ ခေါင်းစားနေရပြီဖြစ်ပါတယ်။

တော်မီနေးဟာ နောက်ဆုံးကစားခဲ့တဲ့ ရှက်ဖီးနဲ့ ပွဲမှာဆိုရင် အောင်မြင်တဲ့ ပေးပို့မှု ၈ ကြိမ်လုပ်ပြနိုင်ခဲ့ပြီး အဲဒီအထဲက ေ ပးပို့မှု ၂ ကြိမ်ဟာ ဂိုးရနိုင်တဲ့ အခြေအနေအထိ ဖြစ်ခဲ့ပါတယ်။