အိုနာနာကြောင့် မန်ယူဘက်ကို ကိုပင်ဟေဂင် ပင်နယ်တီ ပြန်ကန်ခွင့် ရခဲ့သင့်တယ်လို့ ဘောလုံး ပရိသတ်များ သုံးသပ် တောင်းဆိုနေ
ပြီးခဲ့တဲ့ ကိုပင်ဟေဂင်နဲ့ ချန်ပီယံလိဂ်ပွဲမှာ မန်ချက်စတာယူနိုက်တက်ဂိုးသမား အိုနာနာ က ပွဲရလဒ် အတွက် အရေးပါတဲ့ ပင်နယ်တီ ကာကွယ်ခဲ့ပေမယ့် ဘောလုံး ပရိသတ်တွေကတော့ အဲဒီ ဒိုင်လူကြီးဟာ ကိုပင်ဟေဂင်် အအသင်းဘက်ကို ပင်နယ်တီ ပြန်ကန်ခွင့် ပေးခဲ့သင့်တယ်လို့ ဝေဖန်နေကြပါတယ်။
မန် ယူနိုက်တက်အသင်းဟာ ပွဲချိန် ၇၂ မိနစ်မှာ နောက်ခံလူ မက်ဂွိုင်းယားရဲ့ ခေါင်းတိုက်ဂိုးကြောင့် ၁-၀ ဂိုးနဲ့ အနိုင်ရခဲ့ပြီး ချန်ပီယံလိဂ် အုပ်စုတွင်းမှာ ပထမဆုံးနိုင်ပွဲရရှိခဲ့ပါတယ်။

ဒီပွဲရဲ့အဆုံးအဖြတ်က ပွဲပြီးခါနီး ၉၇ မိနစ်မှာ ကိုပင်ဟေဂင်အသင်းရဲ့ ပယ်နယ်တီကို အိုနာနာ လက်စွမ်းပြပုတ်ထုတ် ကာကွယ်ခဲ့တာပဲဖြစ်ပါတယ်။
ပွဲပြီးဖို့ စက္ကန့်ပိုင်းသာ လိုတော့ချိန်မှာ ပယ်နယ်တီဧရိယာအတွင်း တွမ်မီနေးရဲ့အမှားကနေ ယူနိုက်တက်တို့ ပင်နယ်တီ ပေးခဲ့ရပြီး ဒါကို ကိုပင်ဟေဂင်တိုက်စစ်မှူး ဂျော်ဒန်လာဆင် ကန်သွင်းခဲ့ပေမယ့် အိုနာနာက နေရာယူမှန်မှန်နဲ့ ကာကွယ်ခဲ့ပါတယ်။
ဒါပေမဲ့ ရုပ်သံအနှေးပြကွက်တွေအရ အိုနာနာရဲ့ခြေထောက်နှစ်ဖက်စလုံးက ဂိုးစည်းပေါ်မှာ မရှိတာကြောင့် ပရိသတ်တွေက ကွင်းလယ်ဒိုင် မာကိုဂွီဒါအနေနဲ့ ကိုပင်ဟေဂင်အသင်းကို ပယ်နယ်တီပြန်ကန်ခွင့် ပေးခဲ့သင့်တယ်လို့ ထောက်ပြ ပြောဆိုနေတာဖြစ်ပါတယ်။
ဘောလုံးလောကရဲ့လက်ရှိစည်းမျဉ်းအရ ပင်နယ်တီကာကွယ်ရမယ့် ဂိုးသမားတစ်ဦးဟာ ဂိုးစည်းပေါ်မှာ အနည်းဆုံးခြေထောက်တစ်ဖက် ကျန်ရမှာဖြစ်ပြီး မဟုတ်ရင် အဲဒီ ပင်နယ်တီကို ပြန်ကန်ခွင့်ပေးရမှာပါ။ အဲဒါကြောင့် ပရိသတ်တွေက
‘ဂျော်ဒန်လာဆင် ပယ်နယ်တီကန်ချိန်မှာ အိုနာနာရဲ့ခြေထောက်ဟာ ဂိုးစည်းပေါ်မှာ ၁၀၀ % မရှိခဲ့ပါဘူး . .’၊
‘အိုနာနာဟာ ဂိုးစည်းရှေ့မှာရှိနေပြီး ဒီလိုမျိုး ဂိုးသမားတွေရဲ့အနေအထားကို စောင့်ကြည့်ဖို့ ဘယ်သူ့မှာ တာဝန်ရှိလဲ . .’၊
‘ဒီပယ်နယ်တီကို ပြန်ကန်ခိုင်းခဲ့သင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အိုနာနာရဲ့ခြေထောက်နှစ်ဖက်စလုံးက ဂိုးစည်းပေါ်မှာ မရှိခဲ့ပါဘူး’လို့ ဝေဖန်ရေးသ နေကြပါတယ်။
ဒါပေမဲ့ တချို့ပရိသတ်တွေကတော့ အဲဒီဝေဖန်မှုတွေကို လက်မခံဘဲ အိုနာနာရဲ့ ညာဖက်ခြေထောက်က ဂိုးစည်းပေါ်မှာ ရှိနေတယ်ဆိုပြီး ပြန်တုံ့ပြန်ခဲ့ကြပါတယ်။
ဘာပဲဖြစ်ဖြစ် မက်ဂွိုင်းယား၊ အိုနာနာတို့ရဲ့ စွမ်းဆောင်ရည်ကောင်းတွေကြောင့် ယူနိုက်တက်အသင်းဟာ ချန်ပီယံလိဂ် အုပ်စုမှာ ၃ မှတ် စတင်ရရှိခဲ့ပြီး နောက်တစ်ဆင့်တက်ဖို့ မျှော်လင့်ချက် ပြန်လည်ရှင်သန်လာပြီဖြစ်ပါတယ်။