အပျော်လွန်ပြီး ကဲခဲ့လို့ ပြန် ငိုရမယ့် ကိန်း ဆိုက်နေတဲ့ မန်ချက်စတာ ယူနိုက်တက် လူငယ်လေး ဂါနာချို

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ကိုပင်ဟေဂင် အသင်းနဲ့ ကန်ခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စု နိုင်ပွဲ အပြီးမှာ မန်ယူ အသင်းသား တစ်ဦးကတော့ အက်ဖ်အေရဲ့ အရေးယူမှုနဲ့ ရင်ဆိုင်ရဖွယ် ရှိနေပါတယ်။

ထိုပွဲမှာ မန်ယူအသင်းက မက်ဂွိုင်းယား သွင်းဂိုးနဲ့ အနိုင်ရခဲ့တာပါ။ မက်ဂွိုင်းယား နည်းတူ ထိုပွဲမှာ ဟီးရိုး ဖြစ်ခဲ့တဲ့ နောက်သရဲနီကြယ်ပွင့် တဦးကတော့ ကင်မရွန်း လက်ရွေးစင် ဂိုးသမား အန်ဒရေ အိုနာနာပဲ ဖြစ်ပါတယ်။

အိုနာနာဟာ နာကျင်အချိန်ပို နောက်ဆုံးမိနစ်မှာ ပေးခဲ့ရတဲ့ ပင်နယ်တီကို လက်စွမ်းပြ ပုတ်ထုတ် ကာကွယ်သွားခဲ့ပါတယ်။ ဒါကြောင့်လည်း အသင်းဖော်တွေရော သရဲနီ ပရိသတ်တွေပါ အူလှိုက်သည်းလှိုက် ပျော်ရွှင်နိုင်ခဲ့ကြတာပါ။

ပွဲအပြီး ဆိုရှယ်မီဒီယာစာမျက်နှာတွေအထက်မှာ မက်ဂွိုင်းယားနဲ့ အိုနာနာ အပေါ် မန်ယူနိုက်တက် အသင်းဖော်တွေက ချီးကျူးမှုတွေ လုပ်ခဲ့ကြရာ အာဂျင်တီးနား လက်ရွေးစင် တောင်ပံကစားသမား အလက်ဟန်ဒရို ဂါနာချိုကလည်း တွစ်တာ ( X ) အကောင့်မှတဆင့် အိုနာနာကို ‘ Gorilla ‘ ( မျောက်ဝံ ) Emoji ပုံတွေနဲ့ ဂုဏ်ပြုဟန် ပြုလုပ်သွားခဲ့ပါတယ်။

ဂါနာချိုဟာ သိပ်မကြာခင်မှာပဲ ယင်းမျောက်ဝံပုံ Emoji တွေကို ပြန်ဖျက်ခဲ့ပြီး ပုံသက်သက် ချန်ထားခဲ့ပေမယ့် ၁၅မိနစ်ကြာတော့ ပို့စ်တခုလုံး ဖျက်ပစ်ခဲ့ပါတယ်။

ဒါဟာ အက်ဖ်အေ မှ ချမှတ်ထားတဲ့ လူမျိုးရေးခွဲခြားမှု စည်းမျဉ်းတွေနဲ့ ညိစွန်းနေတာကြောင့် အသင်းဖော် အချင်းချင်း ဖြစ်သည့်တိုင် ဂါနာချို တယောက် အနိမ့်ဆုံး ဒဏ်ငွေ ပြစ်ဒဏ် အရေးယူခံရနိုင်ခြေ ရှိလာပါတယ်။

၂၀၂၀ တုန်းကလည်း မန်ယူနိုက်တက် တိုက်စစ်မှူးဟောင်း အက်ဒင်ဆင် ကာဗာနီဟာ အင်စတာဂရမ်မှာ သူ့မိတ်ဆွေ တဦးရဲ့ မက်ဆေ့ခ်ျကို ပြန်ခဲ့ရာ စပိန်လို လူမည်းလို့ ခေါ်ဝေါ်တဲ့ ‘ negrito ‘ ဆိုတဲ့ စကားလုံးကို အသုံးပြုခဲ့မိတာကြောင့် အက်ဖ်အေမှ ၎င်းကို ဒဏ်ငွေ ပေါင်တသိန်း ပေးဆောင်ဖို့ ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။

အလားတူ ၂၀၁၉ တုန်းကလည်း မန်စီးတီး ကွင်းလယ်လူ ဘာနာဒို ဆေးလ်ဗားဟာ သူ့အသင်းဖော် စီးတီး ဘယ်နောက်ခံလူဟောင်း ဘန်ဂျမင် မန်ဒီကို မိတ်ဆွေအချင်းချင်း တွစ်တာပေါ်မှာ လူမျိုးရေး ခွဲခြားမှုနဲ့ မကင်းတဲ့ စနောက်မှု လုပ်ခဲ့ပါသေးတယ်။

ဆေးလ်ဗားဟာ ကိုယ်ပိုင် တွစ်တာအကောင့်မှတဆင့် မန်ဒီရဲ့ ပုံကို စပိန်ချောကလက် တံဆိပ် Conguito မှ ကာတွန်းသရုပ်တခုရဲ့ ပုံနဲ့ ယှဉ်ကာ စနောက်သွားခဲ့ပါတယ်။ ဒီလုပ်ရပ်ကြောင့် ယင်းပေါ်တူဂီသားဟာ ပေါင်၅သောင်း ဒဏ်ရိုက်ခံခဲ့ရပြီး တပွဲပယ်ပြစ်ဒဏ် ကျခံခဲ့ရပါတယ်။