မန်ယူ အပယ်ခံ ဆန်ချို ကို ဇန်နဝါရီမှာ ခေါ်ယူဖို့ စိတ်ဝင်စားဟန် ပြသလာတဲ့ လန်ဒန်ကလပ်အသင်း

ပရီးမီးယားလိဂ်ပွဲ စဉ် ၁၀ ပွဲကစားပြီးချိန်တွင် ၆ ပွဲနိုင်ကာ ရမှတ် ၁၈ မှတ်သာ စုဆောင်းထားနိုင်ခဲ့တဲ့ မန်ချက်စတာ ယူနိုက်အသင်းက နည်းပြနဲ့ အချင်းများမှုဖြစ်ပွားထားတဲ့ ဆန်ချိုအား ရောင်းချရန် စီစဉ်လာချိန်မှာ ပရီးမီးယားလိဂ် အသင်းကောင်း တစ်သင်းက စိတ်ဝင်စားကြောင်း သတင်းထွက်လာပါတယ်။

ယူနိုက်တက်အသင်းက ဒေါမွန်အသင်းနဲ့အတူ ခြေစွမ်းပြကစားနေတဲ့ ဆန်ချိုကို ၂၀၂၁ ခုနှစ်မှာ ပြောင်းရွှေ့ကြေး ပေါင် ၇၃ သန်းအထိ အသုံးပြုကာ ခေါ်ယူထားပေမဲ့ ကစားသမားက အို့ထရက်ဖို့ဒ်ကို ရောက်လာအပြီး ပွဲစဉ် ၈၂ ပွဲအထိ ကစားထားရာမှာ သွင်းဂိုး ၁၂ ဂိုးသာ သွင်းယူပေးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

အင်္ဂလန်သား တောင်ပံ ကစားသမားကို လန်ဒန် အခြေစိုက် ဝက်စ်ဟမ်း အသင်းက ခေါ်ယူရန် စိတ်ဝင်စားမှုပြသလာပြီ ဖြစ်ပါတယ်။

နည်းပြ တန်ဟတ် စတင်ရောက်လာခဲ့တဲ့ ပြီခဲ့တဲ့အပတ် ဘောလုံးရာသီတွင် ဆန်ချိုအနေဖြင့် ပွဲထွက်ကစားခွင့်ရရန်ပင် အတော်လေးရုန်းကန်နေရပြီး စိတ်ပိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာ ပြုပြင်ရေးအတွက် နည်းပြ တန်ဟတ်က အချိန် ၃ လ ကြာ အနားယူခွင့်ပေးခဲ့ပေမဲ့ ကစားသမားရဲ့ ခြေစွမ်းပိုင်းက တိုးတက်မလာတာကြောင့် ပုံမှန်ပွဲထွက်ကစားခွင့် နည်းပါး လာတာလည်း ဖြစ်ပါတယ်။

နည်းပြ တန်ဟတ်အနေဖြင့် ယူနိုက်တက်အသင်းနဲ့ အာဆင်နယ်အသင်းတို့ ကစားခဲ့ကြတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ရဲ့ လူစာရင်းတွင် လေ့ကျင့်ရေးကွင်းကို အချိန်မှန် ရောက်မလာတတ်တာကြောင့် ဆန်ချိုအား လူစာရင်းမှ ချန်လှပ်ခဲ့ကြောင်း အတည်ပြု ပြောဆိုအပြီးမှာ ကစားသမားက လူမှုကွန်ယက်စာမျက်နှာအထက်တွင် လူသိရှင်ကြား ဝေဖန်ခဲ့တာကြောင့် နည်းပြနဲ့ ကစားသမားအကြားတွင် ဆက်ဆံရေးတင်းမာလာပြီး ဆန်ချိုအား ပွဲထွက်ခွင့် ပိတ်ပင်ထားတာလည်း ဖြစ်ပါတယ်။

အင်္ဂလန် သတင်းတချို့ အဆို အရ နည်းပြ မိုယက်စ် အနေဖြင့် တောင်ပံနေရာအတွက် ဆန်ချိုအား ခေါ်ယူရန် စိတ်အားထက်သန်နေပြီး ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်းမှာ ခေါ်ယူနိုင်ရေး ဝက်စ်ဟမ်းအသင်းက စိတ်ဝင်တစား လုပ်ဆောင်လာနိုင်တာပဲ ဖြစ်ပါတယ်။