ဒီဂီယာထက် အိုနာနာ သာတာ တစ်နေရာပဲ ရှိတယ် ဆိုတဲ့ အချက်အလက် နှိုင်းယှဉ်မှု ထွက်ပေါ်လာ

ဒီတပတ်ထဲမှာပဲ မန်ချက်စတာယူနိုက်တက်အသင်းဟာ သူတို့ရဲ့ဂန္ထဝင်ဂိုးသမား ဒီဂီယာကို ပြန်လည်ခေါ်ယူဖို့ ပြင်ဆင်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာနေပါတယ်။

ဒီရာသီ ကစားပြီးသလောက်ထိ စွမ်းဆောင်ရည် စစ်တမ်းအချက်အလက်တွေအရလည်း ဒီဂီယာကို ပြန်ခေါ်သင့်တယ် ဆိုတာ ထောက်ပြနေပါတယ်။

မန်ယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်ဟာ ဂန္ထဝင်ဂိုးသမား ဒေးဗစ် ဒီဂီယာရဲ့ နေရာအစားထိုးဖို့ အိုနာနာကို ပေါင် ၄၇ သန်းနဲ့ အလောင်းအစားဆန်ဆန် ခေါ်ယူခဲ့ပေမယ့် မျှော်လင့်သလိုဖြစ်မလာသေးပါဘူး။

ကင်မရွန်းလက်ရွေးစင်ဂိုးသမား အိုနာနာဟာ ယူနိုက်တက်ကစားသမား ဘဝအစပိုင်းမှာပဲ ဖိအားတွေနဲ့ရင်ဆိုင်ခဲ့ရပြီး ဘိုင်ယန်မြူးနစ်၊ ဂါလာတာစာရေး၊ ဘရန့်ဖို့ဒ်တို့နဲ့ပွဲတွေမှာ သူ့ရဲ့အမှားတွေကနေ ဂိုးပေးခဲ့ရပါတယ်။

ပြီးခဲ့တဲ့ချန်ပီယံလိဂ်ပွဲမှာတော့ အိုနာနာဟာ ပွဲပြီးခါနီးမှာ ပယ်နယ်တီကို လက်စွမ်းပြကာကွယ်ခဲ့ပြီး အသင်းအတွက် အဖိုးတန်နိုင်ပွဲရရှိအောင် စွမ်းဆောင်ပေးခဲ့ပါတယ်။

ဒါပေမဲ့ ဇန်နဝါရီလအတွင်း ကျင်းပသွားမဲ့ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲမှာ အိုနာနာက လက်ရွေးစင်အသင်းနဲ့အတူ ပါဝင်ယှဉ်ပြိုင်သွားဖို့ရှိတာကြောင့် ယူနိုက်တက်အသင်းဟာ အဲဒီကာလအတွင်း ပွဲထွက်ဂိုးသမားအဖြစ် အသုံးပြုဖို့အတွက် ဒီဂီယာကို ပြန်ခေါ်ဖို့ စဉ်းစားနေတာဖြစ်ပါတယ်။

စစ်တမ်းအချက်အလက်တွေအရလည်း အိုနာနာဟာ ဘောလုံးပေးပို့မှု အပိုင်းကလွဲရင် ကျန်တဲ့နေရာတွေမှာ ဒီဂီယာကို ဘယ်လိုမှ မယှဉ်နိုင်ခဲ့ပါဘူး။

ဗြိတိန် သတင်းစာ The Sun က ပြီးခဲ့တဲ့ ၃ ရာသီအတွင်း ဒီဂီယာရဲ့ စွမ်းဆောင်ရည်နဲ့ ဒီရာသီ အိုနာနာရဲ့ စွမ်းဆောင်ရည်မှတ်တမ်းကို နှိုင်းယှဉ် ဖော်ပြခဲ့ပြီး ဒီဂီယာဟာ ပျမ်းမျှ ၇၃ မိနစ်မှ ၁ ဂိုးပေးခဲ့ရပေမဲ့ အိုနာနာကတော့ ၅၉ မိနစ်မှာ ၁ ဂိုးနှုန်းခွင့်ပြုခဲ့ရပါတယ်။

ဒီဂီယာရဲ့ ဂိုးပေါက် ကာကွယ်မှုအကြိမ်က ၄၀၁ ကြိမ်အထိရှိပြီး ရာခိုင်နှုန်းအရ ၆၉.၁ % ရှိသလို အိုနာနာက ဂိုးပေါက် ကာကွယ်မှု ၄၄ ကြိမ်နဲ့ ရာခိုင်နှုန်းအားဖြင့် ၆၈.၈ % သာရှိပါတယ်။

ပြီးခဲ့တဲ့ ၃ ရာသီအတွင်း ဒီဂီယာဟာ Clean Sheets ပွဲပေါင်း ၄၇ ပွဲ ပိုင်ဆိုင်ခဲ့ပြီး အိုနာနာက ဒီရာသီမှာ Clean Sheets ၄ ပွဲရခဲ့ပါတယ်။

ဘောလုံးပေးပို့မှုအပိုင်းမှာ အိုနာနာက အသာရနေပြီး ပျမ်းမျှမိနစ် ၉၀ အတွင်း ဘောလုံးပေးပို့မှု ၃၂.၇ ကြိမ်၊ အောင်မြင်တဲ့ဘောလုံးပေးပို့မှု ၂၄.၅ ကြိမ်၊ တိကျတဲ့ဘောလုံးပေးပို့မှု ရာခိုင်နှုန်း ၇၅.၁ % ၊ အမြင့်ဘောပေးပို့မှု ၁၂.၄ ကြိမ်၊ တိကျမှု ၃၇.၉ % ရှိခဲ့ပါတယ်။

ဒီဂီယာကတော့ ပျမ်းမျှမိနစ် ၉၀ အတွင်း ဘောလုံးပေးပို့မှု ၂၃.၆ ကြိမ်၊ အောင်မြင်တဲ့ဘောလုံးပေးပို့မှု ၁၆.၅ ကြိမ်၊ တိကျတဲ့ဘောလုံးပေးပို့မှု ရာခိုင်နှုန်း ၇၀ % ၊ အမြင့်ဘောပေးပို့မှု ၁၀.၇ ကြိမ်၊ တိကျမှု ၃၇ % ရှိခဲ့တာဖြစ်ပါတယ်။