ပင်နယ်တီ ပေးလိုက်ရတာကနေ စပြီး ပွဲကပြောင်း၊ ရှုံးသွားရတာ လို့ ဆင်ခြေပေးလာတဲ့ မန်ယူ နည်းပြ တန်ဟက်

မနေ့ညက အိုးထရက်ဖို့ဒ်ကွင်းထဲမှာ မန်ချက်စတာ ယူနိုက်တက်အသင်း နဲ့ မန်ချက်စတာ စီးတီးအသင်းတို့ မန်ချက်စတာ ဒါဘီအဖြစ် ယှဉ်ပြိုင်ခဲ့ရာ ဧည့်သည် စီးတီးက ဟာလန်း ဖိုဒန်တို့ရဲ့ ဂိုးတွေနဲ့ အဝေးကွင်းမှာ အပြတ်အသတ် နိုင်ပွဲရရှိသွားခဲ့ပါတယ်။

အိမ်ရှင် ယူနိုက်တက်က ဒီပွဲမှာ မန်စီးတီးအသင်းက အဘက်ဘက်က ယှဉ်ကစားနိုင်ခြင်း မရှိပဲ (၃)ဂိုး ဂိုးမရှိနဲ့ အပြတ်အသတ် ရှုံးနိမ့်ခဲ့ရပေမယ့် ယူနိုက်တက် နည်းပြ အဲရစ် တန်ဟက် ကတော့ ပထမပိုင်းမှာ ခွင့်ပြုပေးလိုက်ရတဲ့ ပင်နယ်တီကြောင့်သာ ပွဲက အပြောင်းအလဲ ဖြစ်သွားခဲ့ရတာလို့ ဆင်ခြေပေးလာခဲ့ပါတယ်။

“ပထမပိုင်း ပွဲချိန်ကို ကြည့်လိုက်မယ်ဆိုရင် ခြေရည်တူ ကစားနိုင်ခဲ့တာကို မြင်ပါလိမ့်မယ်။ ပင်နယ်တီ ကန်ခွင့် ပြုလိုက်ရတာကပဲ ပွဲကို အပြောင်းအလဲ ဖြစ်သွားစေခဲ့ရတယ်။ ဒါတောင် ပင်နယ်တီကနေ ဂိုးပေးလိုက်ရချိန်မှာတောင် ကျွန်တော်တို့ ပွဲကို သေချာပြန် ကစားနိုင်ခဲ့သေးတယ်။

ပထမပိုင်း မပြီးခင်မှာပဲ တွမ်မီနေးရဲ့ ကန်ချက်က ဂိုးရလုနီးပါး ဖြစ်ခဲ့ရတယ်။ ဒါကြောင့် အဲ့ဒီအချိန်ထိတော့ ကျွန်တော်တို့တွေ ဆတူ အခွင့်အရေး ရအောင် ကစားနိုင်ခဲ့တယ်လို့ ထင်ပါတယ်။

ဒုတိယပိုင်းမှာတော့ တိုက်စစ်ပိုင်းကို ပိုမို အားထည့်ပြီး ကစားဖို့ ဆုံးဖြတ်ခဲ့ပေမယ့်လည်း ဂိမ်းအစီအစဉ်တိုင်း မကစားနိုင်ခဲ့ပဲ အမှားတွေ ကျူးလွန်မိခဲ့တယ်။” လို့ တန်ဟက်က ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် တန်ဟက် ကတော့ ဒီလို အခြေအနေဆိုးတွေ ကြုံတွေ့နေချိန်မှာတောင် အသင်းနဲ့ ပတ်သက်ပြီး အကောင်းမြင်နေဆဲသာ ဖြစ်သလို အသင်းက လက်ရှိမှာ ခက်ခဲနေရပေမယ့်လည်း တဖြည်းဖြည်းနဲ့တော့ လမ်းကြောင်းမှန်ပေါ် ရောက်စပြုနေပြီလို့ မှတ်ချက်ပြုထားခဲ့ပါတယ်။

ဒီရှုံးပွဲကြောင့် တန်ဟက်ဂ်ရဲ့ ယူနိုက်တက်အသင်းဟာ ဒီရာသီထဲ ပရီးမီးယားလိဂ် (၁၀)ပွဲကစား (၅)ပွဲထိ ရှုံးနိမ့်ခဲ့ရလို့ ဒါက အမှတ်ပေးဇယားမှာ ရပ်တည်နေကြတဲ့ အဆင့် (၁၄)အတွင်း အသင်းတွေအနက် ရှုံးပွဲ အများဆုံး အရေအတွက် ဖြစ်ခဲ့ ရပါတယ်။