အသင်းဟောင်း အေဂျက်နဲ့ လက်ရှိ ယူနိုက်တက် ကစားပုံ ကွာဟနေရခြင်း အကြောင်း ဖြေရှင်းလာတဲ့ တန်ဟက်
နယ်သာလန် ကလပ် အေဂျက် အသင်းကို အမှတ်ပေးလိဂ် ၃ ကြိမ် ဗိုလ်စွဲအောင် လမ်းပြပြီး ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ထိ ပို့ဆောင်ပေးခဲ့တဲ့ နည်းပြ တန်ဟက်က မန်ချက်စတာ ယူနိုက်တက် ဟာ အေဂျက်လို မကစားနိုင်ကြောင်း ရှင်းပြ ပြောဆိုလာခဲ့ပါတယ်။
မန်ချက်စတာ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်မှာ အသင်းကြီးတွေထဲ ကန်တင်ပြေး ကစားနေတဲ့ တစ်ခုတည်းသော အသင်း လို့ ဝေဖန်မှုတွေ များစွာ ခံယူနေရတာပါ။

အေဂျက်မှာလို ရဲရင့်၊ စွန့်စားပြီး ဂိုးမြူးတဲ့ ကစားဟန်မျိုး ဟာ မန်ချက်စတာ ယူနိုက်တက်ရဲ့ ရိုးရာဟန်နဲ့ တူညီနေပြီး ဒါမျိုး ကစားဟန် ယူလာပေးမယ်လို့ မန်ချက်စတာ ရောက်စက ကြွေးကြော်ခဲ့ဖူးတဲ့ တန်ဟက် ဟာ အခုတော့ ဒီပုံစံ ကစားလို့ မရနိုင်ဘူးလို့ ဆိုလာပြီ ဖြစ်ပါတယ်။
” အေဂျက် မှာ ကျွန်တော်တို့ ကစားခဲ့တဲ့ ဘောလုံး ကစားဟန်က ဒီမှာ ဘယ်တော့မှ ကစားနိုင်မှာ မဟုတ်ပါဘူး။ ကျွန်တော့်မှာ ရှိတဲ့ ကစားသမားတွေက မတူဘူးလေ။ နောက်ပြီး ဒီလာတဲ့ အကြောင်းပြချက်ကလည်း ဒါမှ မဟုတ်တာ။
အသင်းမှာ ရှိတဲ့ ကစားသမားတွေကို အကဲဖြတ် သုံးသပ်ပြီး ကိုယ့် ကစားဟန်ကို စီမံရတာပါ။ ဒါကြောင့် အေဂျက်က ကစားဟန်နဲ့ အခုက မတူတာ။
ကျွန်တော့် အနေနဲ့ အဲဒီလိုပဲ လုပ်သွားရမှာပဲ။ အေဂျက်က ကစားပုံအတိုင်း ဒီမှာ လုပ်လို့ကို မရနိုင်ပါဘူး။ ဒါက လည်း မန်ချက်စတာ ယူနိုက်တက်ရဲ့ ဒီအန်အေကြီး လုံးလုံး မဟုတ်ပါဘူး။
ဒီမှာက ဘောလုံးကို ပိုပြီး တိုက်ရိုက်ကျတဲ့ ပုံစံနဲ့ ကစားပါမယ်။ ဒါက ရှိတဲ့ ကစားသမားတွေနဲ့ ပုံဖော်လို့ ရတာပါပဲ။ အထူးသဖြင့် ကွင်းထဲမှာပေါ့။ ” လို့ တန်ဟက်က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။