မန်ယူ ကစားသမား ၅ ယောက် ဘောလုံး မကစားဘဲ ပွားနေချိန် နယူးကာဆယ်က နိုင်သွားပြီ ဆိုတဲ့ မကျေမချမ်း ထောက်ပြမှု

သရဲနီဟောင်းကြီး ဂယ်ရီနဗီးလ် ကတော့ မနေ့ညတုန်းက နယူးကာဆယ်နှင့်ပွဲတွင် ပွဲအပေါ် အာရုံမစိုက်ဘဲ အိပ်ပျော်နေကြတဲ့ မန်ချက်စတာ ယူနိုက်တက် ကစားသမား ၅ ဦးကို ဝေဖန်ပြောဆိုလာပါတယ်။

ဂယ်ရီနဗီးလ်ဟာ မနေ့ညတုန်းက နယူးကာဆယ်ကို ၃-၀ ဂိုးဖြင့် ရှုံးနိမ့်တဲ့ပွဲစဉ်တွင် ယူနိုက်တက်တို့ ပေးလိုက်ရတဲ့ ဒုတိယဂိုးအတွက် ပွဲအပေါ် အာရုံမစိုက်တဲ့ ကစားသမား ၅ ဦးကို ဝေဖန်လာတာ ဖြစ်ပါတယ်။

အယ်မီရွန်က နယူးကာဆယ်အတွက် ဦးဆောင်ဂိုးကာ ၁-၀ ဂိုးဖြင့် ဦးဆောင်နေချိန်တွင် ဒိုင်လူကြီးရောဘတ်ဂျုံးစ်က ပြစ်ဒဏ်ဘောပေးခဲ့ပါတယ်။

အဲဒီအချိန်မှာ မန်ချပ်စတာ ယူနိုက်တက် ကစားသမား ၅ ဦးဟာ ဘောလုံးအပေါ် အာရုံမစိုက်ဘဲ စောဒက တက်နေခဲ့ပါတယ်။ ယင်းအချိန်တွင် နယူးကာဆယ်ဟာ အချိန်မဆွဲပင် ဖရီးကစ်အမြန်ကန်ပြီး တိုက်စစ်ဆင်ခဲ့ပါတယ်။

မီဂွယ်အယ်မီရွန်ရဲ့ တောင်ပံတိုက်စစ်ကနေ ဂျိုးဝဲလ်လော့ခ်က ဖြတ်တင်ပေးခဲ့ပါတယ်။ အဲဒီ ဘောလုံး ကို မက်ဂွိုင်းယားက ခေါင်းတိုက် ရှင်းထုတ်ခဲ့ပေမဲ့ ကျလာတဲ့ဘောလုံးကို ချဲလ်ဆီးစတားဟောင်းဟေးလ်က အပြင်းကန်ကာ နယူးကာဆယ်အတွက် ဒုတိယဂိုးသွင်းခဲ့ပါတယ်။

ဂယ်ရီနဗီးလ်က “သူတို့ အိပ်ပျော်နေကြတယ်။ ဒိုင်လူကြီးကို စောဒကတက်နေကြတယ်။ သူတို့က အော်ဟစ်နေချိန်မှာ နယူးကာဆယ်က အနိုင်ရနေပြီ”လို့ ပြောကြားသွားပါတယ်။

မက်ဂွိုင်းယား၊ မေဆင်မောင့်၊ ကက်စ်မီရို၊ အန်တိုနီမာရှယ်နှင့် ဟန်နီဘယ်မီဘရီတို့ဟာ ဒိုင်လူကြီးကို ဝိုင်းဝန်း စောဒက တက်နေခဲ့ကြတာ ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ တနင်္ဂနွေနေ့တုန်းက မန်စီးတီးကို ၃-၀ ဂိုးဖြင့် ရှုံးနိမ့်တဲ့ပွဲစဉ်မှ ပွဲထွက်လူစာရင်းကို ၇ ဦးအထိ အပြောင်းအလဲ လုပ်ကာ ပွဲထုတ်ခဲ့ပြီး နယူးကာဆယ် ကိုလည်း ၃-ဝနဲ့ပဲ ထပ်မံ ရှုံးနိမ့်ကာ ကာရာဘောင်းဖလား ပြိုင်ပွဲကနေ ထွက်ခဲ့ရပြီ ဖြစ်ပါတယ်။