အငြင်းပွားစရာ လူကျွံဘော ကြုံခဲ့ပေမယ့် ဘရူနို ရဲ့ နောက်ဆုံးမိနစ် သွင်းဂိုးနဲ့ အဝေးကွင်း နိုင်ပွဲရကာ မန်ချက်စတာ ယူနိုက်တက်တို့ အသက်ရှု ချောင်ခဲ့ရတဲ့ ပွဲ
မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ယနေ့ည လန်ဒန်သို့ သွားပြီး ဖူလ်ဟမ်နဲ့ ပရီးမီးယားလိဂ် ပွဲ ရင်ဆိုင် ကစားရာ ပွဲပြီးခါနီး ဘရူနို ဖာနန်ဒက်စ် သွင်းဂိုးကြောင့် အဖိုးတန် နိုင်ပွဲကောင်း ရခဲ့ပါတယ်။
ဒီပွဲမှာ မန်ချက်စတာ ယူနိုက်တက်တို့ ခြေစွမ်းကောင်းပြသနိုင်ဖို့ ရုန်းကန်ခဲ့ရသလို ပွဲအစောပိုင်းရတဲ့ သွင်းဂိုးကို VARက ပယ်ဖျက်ခဲ့တာကြောင့်လည်း တိုင်ပတ်ခဲ့ပါတယ်။

မန်ယူအသင်းဟာ ဒဏ်ရာ ရှိနေတဲ့ ရက်ဖို့ဒ်ကို ပွဲထွက်လူစာရင်းက ထုတ်ပယ်ထားခဲ့ပြီး ဟွိုင်လန်း၊ အန်တိုနီ၊ ဂနာချိုတို့ ဖြင့် တိုက်စစ်ကို ခင်းကျင်းခဲ့ပေမယ့် ယူနိုက်တက်ထံက လောက်လောက်လားလား ခြေစွမ်းမျိုး မမြင်ခဲ့ရပါဘူး။
ပထမပိုင်းမှာ ယူနိုက်တက်ဟာ တော်မီနေးရဲ့ သွင်းဂိုးကြောင့် ဦးဆောင်ခွင့်ရခဲ့ပေမယ့် အသင်းဖော် မက်ဂွဲရား လူကျွံနေတာမို့ VAR က ပယ်ဖျက်ခဲ့ပါတယ်။ ဒီဖြစ်ရပ်မှာ မက်ဂွဲရားဟာ သွင်းဂိုးအတွက် သက်ရောက်မှုရှိတဲ့ အခြေအနေ မဟုတ်ခဲ့ပေမယ့် လူကျွံသတ်မှတ်ခံခဲ့ရတာပါ။
အဲ့ဒီ ဂိုးကလွဲရင် နှစ်သင်းလုံးဟာ ခြိမ်းခြောက်မှု ကြီးကြီးမားမား မလုပ်နိုင်ခဲ့ပါဘူး။ ဖူလ်ဟမ်ဘက်က ဝီလီယမ် အတော်လေး ကောင်းမွန်ခဲ့ပြီး ယူနိုက်တက်ဘက်က တော်မီနေးနဲ့ ဖာနန်ဒက်စ်တို့ ခြေစွမ်း မဆိုးခဲ့တာကလွဲလို့ တိုက်စစ်ဆင်နိုင်စွမ်းတွေ အားနည်းခဲ့ပါတယ်။
ဒုတိယပိုင်းမှာတော့ ယူနိုက်တက်က ဖူလ်ဟမ်ထက် နည်းနည်းလေး ပိုသာခဲ့ပါတယ်။ အဲ့ဒါကလွဲလို့ ဒီပွဲကနေ ယူနိုက်တက်အသင်းလိုက်ကော၊ တစ်ဦးချင်းအပါ အကောင်းမြင်စရာ ဘာတစ်ခုမှတော့ ထွက်မလာခဲ့ပါဘူး။
ယူနိုက်တက် ကစားသမားတွေ ယုံကြည်မှု ကျဆင်းခြင်းနဲ့အတူ ရုန်းကန်နေခဲ့ရပေမယ့် မိနစ် ၉၀ ပြည့်လို့ အချိန်ပို အရောက်မှာ ဧရိယာထဲ ဆက်တိုက် ဖိအားပေးခြင်းကနေ ရလာတဲ့ အခွင့်အရေးက တစ်ဆင့် အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ်က ဧရိယာထိပ်ကနေ ပိတ်သွင်းခဲ့တာပါ။
လက်ကျန် အချိန်ပိုမိနစ်တွေမှာတော့ ယူနိုက်တက်က ရလဒ်ကို ထိန်းသွားခဲ့ပြီး အနိုင် ၃ မှတ်ရခဲ့ပါတယ်။ ဒီနိုင်ပွဲကြောင့် စနေနေ့ အစောပွဲအပြီး ယူနိုက်တက်ဟာ အဆင့် ၄ နေရာက လီဗာပူးနဲ့ ၅ မှတ်အကွာကို ပြန်ကပ်လာခဲ့ပြန်ပြီ ဖြစ်ပါတယ်။