ဘရူနို ဖာနန်ဒက်စ်က စံနမူနာ ယူရမယ့် အသင်းခေါင်းဆောင်ကောင်း တစ်ယောက် ဖြစ်တယ် လို့ ဝေဖန်မှုတွေ အား တုန့်ပြန်
မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟက်က မနေ့ကပွဲမှာ ဖူလ်ဟမ်ကို နောက်ကျ အနိုင်ဂိုး သွင်းယူ ပေးခဲ့တဲ့ အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ်အပေါ် ပြစ်တင်ဝေဖန်မှုတွေကို ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။
ယူနိုက်တက်ဟာ မန်စီးတီး၊ နယူးကာဆယ်တို့ကို ၃-၀ နဲ့ အိမ်ကွင်းမှာ ၂ ပွဲဆက် ရှုံးနိမ့်ခဲ့ပြီးနောက် ကြီးမားတဲ့ ဖိအားတွေနဲ့အတူ ခရာဗင် ကော့တေ့ချ်ကို သွားရောက်ယှဉ်ပြိုင်ခဲ့ရတာဖြစ်ပြီး အစောပိုင်းမှာ အဖွင့်ဂိုးရခဲ့ပြီလို့ ထင်မြင်ခဲ့ပေမယ့်လည်း မက်တော်မီနေးရဲ့ သွင်းဂိုးဟာ VAR ရဲ့ လူကျွံဘောအဖြစ် သတ်မှတ်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်ဟာ အိမ်ရှင် ဖူလ်ဟမ်အသင်းရဲ့ ဖိအားပေးမှုတွေကို အချိန်အများအပြား တောင့်ခံ ခဲ့ရပါတယ်။

အမှန်အတိုင်းပြောရရင် မန်ချက်စတာယူနိုက်တက်ရဲ့ စွမ်းဆောင်ရည်က သာမန်အောက်ကျဆင်းနေပြီး ဖူလ်ဟမ်က ဦးဆောင်ဂိုးသွင်းဖို့ အခွင့်အရေးတွေ အများအပြားရှိခဲ့ပေမယ့် ဖာနန်ဒက်စ်က ၉၁ မိနစ်မှာ အနိုင် ၃ မှတ် ပြည့် ရယူနိုင်စေမယ့် မှော်ဆန်တဲ့အခိုက်အတန့်ကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
ပွဲအပြီးမှာ တန်ဟက် က “သူ့ရဲ့ အသင်းခေါင်းဆောင်ရာထူးနဲ့ပတ်သက်ပြီး မေးခွန်းထုတ်နေကြတာကို ကျွန်တော် နားမလည်ပါဘူး။ အားလုံးက အမှားလုပ်တတ်ကြပြီး ဘယ်သူမှ ပြီးပြည့်စုံနေတာမရှိပါဘူး။ ဒါပေမယ့် သူက အရာတော်တော်များများကို အရမ်းကောင်းအောင် လုပ်နေပါတယ်။
သူက စံနမူနာယူရမယ့် အသင်းခေါင်းဆောင်ဆိုတာကို အချိန်တိုင်း ပြသနေပါတယ်။ ခင်ဗျား ဒီနေ့ မြင်တဲ့အတိုင်းပဲလေ။ သူ ဘယ်လောက် အလုပ်လုပ်လဲ။ သူ ဘယ်လောက် ဖိအားပေးနေလဲ။ ပြီးတော့ အဆုံးမှာ သူ ဂိုးသွင်းယူခဲ့တယ်။ အဲဒီတော့ သူက ကျွန်တော်တို့အတွက် အရမ်းကို အရေးကြီးပါတယ်။
ဒီသွင်းဂိုးက ကျွန်တော်တို့အသင်းအတွက် ဘယ်လောက်အထိ ကြီးမားလဲဆိုတာ ရှင်းပါတာယ်။ ကျွန်တော်တို့ အစပိုင်းမှာ ဂိုးသွင်းယူနိုင်ခဲ့တယ်(လူကျွံဂိုး)။ ကျွန်တော်တို့ အဆုံးမှာ ဂိုးသွင်းယူနိုင်ခဲ့တယ်။
ဒါပေမယ့် ခင်ဗျား အဝေးကွင်းမှာ ကစားရတဲ့အချိန် အဆုံးမှာ ဂိုးသွင်းယူနိုင်မယ်ဆိုရင် အမြဲတမ်း အကောင်းဆုံး အခိုက်အတန့် ဖြစ်ပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ ပြိုင်ဘက်တွေအတွက် ပြန်သွင်းဖို့က အချိန်က မရှိသလောက် နီးပါးဖြစ်နေတာကြောင့်ပါ။”လို့ ပြောကြားခဲ့ပါတယ်။
ပေါ်တူဂီကွင်းလယ်ကြယ်ပွင့်ဟာ မန်စီးတီးကို ရှုံးနိမ့်ခဲ့တဲ့ မန်ချက်စတာဒါဘီပွဲစဉ်က စွမ်းဆောင်ရည်ကြောင့် မန်ချက်စတာယူနိုက်တက်ဂန္တဝင် ရွိုင်ကိန်းက အသင်းခေါင်းဆောင်အရည်အချင်းမျိုးမရှိတဲ့ကောင်လို့ ဝေဖန်ခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။
ဒါပေမယ့်လည်း တန်ဟက်က ဖူလ်ဟမ်နဲ့ပွဲက ဖာနန်ဒက်စ်ရဲ့ စွမ်းဆောင်ရည်ဟာ ဝေဖန်သူတွေကို ပါးစပ်ပိတ်နိုင်ခဲ့ပြီလို့ ခံစားနေရပြီး မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင်က နောက်ထပ်တစ်ကြိမ် အသင်းကို ကယ်တင်ပေးခဲ့ပြီး စံနမူနာအနေနဲ့ ဦးဆောင်ပြနိုင်ခဲ့ပြီလို့ ချီးကျူးခဲ့တာဖြစ်ပါတယ်။