သန်း ၁ဝဝ တန် တောင်ပံကြီးက မဟန်လို့ အလဲအထပ်နဲ့ ဘရာဇီးလ်သား တစ်ဦး ထပ်ခေါ်ဖို့ မန်ယူအသင်း ခြေလှမ်းပြင်နေ
မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ယူရို သန်း ၁ဝဝ သုံး ခေါ်ယူထားပေမယ့် ခုထိ မဟန်သေးတဲ့ တောင်ပံ တိုက်စစ်သမား အန်တိုနီကို သုံးကာ ဘရာဇီးလ် တိုက်စစ်သမား တစ်ဦး ထပ်ခေါ်ဖို့ ကြံရွယ်နေပါတယ်။
ဘရာဇီးလ် ကလပ် ဖလာမင်ဂိုက တိုက်စစ်ကစားသမား ဂါဘရီရယ် ဘာဘိုဆာကို ခေါ်ယူသွားဖို့ မန်ယူ က ချိန်ရွယ်လာတာ ဖြစ်ပြီး ဘာဘိုဆာ ကို ရဖို့ အန်တိုနီကို အငှား ပြန်လွှတ်ရဖွယ် ရှိနေပါတယ်။

ယူနိုက်တက်ဟာ ဒီနှစ် ဘောလုံးရာသီမှာ တိုက်စစ်ပိုင်း အားနည်းမှုတွေ ကြုံတွေ့နေရပြီး တိုက်စစ်မှူးသစ် ဟွိုင်လန်းက ပရီးမီးယားလိဂ်မှာ ခုထိ ဂိုးပေါက်ပျောက်နေရသလို ရပ်ရှ်ဖို့ဒ် မာရှယ် အန်တိုနီ ဂါနာချိုတို့ကလည်း အသင်းတိုက်စစ်မှာ ဂိုးရဖို့ ရုန်းကန်နေရပါတယ်။
ဒါကြောင့် ယူနိုက်တက်က လာမယ့် ဆောင်းဈေးကွက် ဖွင့်လှစ်ချိန်မှာပဲ နောက်ထပ် တိုက်စစ်မှူးသစ်တစ်ဦးကို ထပ်မံ ခေါ်ယူသွားဖို့ ပြင်ဆင်လာခဲ့တာဖြစ်ပြီး ပြောင်းရွှေ့ကြေးကိုလည်း သိပ်ပြီး သုံးစွဲဖွယ် မရှိတာကြောင့် လျှော့ဈေး နဲ့ ရရှိနိုင်မယ့် ကစားသမားတွေကိုသာ ဦးစားပေး ကမ်းလှမ်းသွားဖို့ ရှိနေပါတယ်။
လက်ရှိမှာတော့ ယူနိုက်တက်က ဖလာမင်ဂိုအသင်းမှာ ပါဝင်ကစားနေတဲ့ အသက် (၂၇)နှစ်အရွယ် ဘရာဇီးလ် တိုက်စစ်မှူး ဘာဘိုဆာကို စိတ်ဝင်စားနေပါတယ်။
ဘာဘိုဆာဟာ အင်တာ ဘင်ဖီကာတို့နဲ့အတူ ဥရောပ ဘောလုံးနယ်မြေမှာ ကျင်လည်ခဲ့ဖူးသူဖြစ်ပြီး ဒီရာသီမှာလည်း ဖလာမင်ဂိုအတွက် (၁၈)ဂိုးထိ သွင်းယူထားပါတယ်။
ဘာဘိုဆာ နဲ့ ဖလာမင်ဂိုအသင်းတို့ကြား ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းအရ တစ်နှစ်သာ သက်တမ်း ကျန်ရှိနေတော့လို့ ပေါင် သန်း(၂၀)ခန့်လောက် ဘာဘိုဆာကို ခေါ်ယူနိုင်ပေမယ့်လည်း ဖလာမင်ဂိုဘက်ကတော့ ဘာဘိုဆာကို လက်လွှတ်ဖို့ အတွက် အန်တိုနီကို အငှားနဲ့ ပြန်လည် ခေါ်ယူလိုနေပါတယ်။
အန်တိုနီက ပြီးခဲ့တဲ့ ဘောလုံးရာသီကမှ အေဂျက်စ်ကနေ ယူနိုက်တက်ဆီ ရောက်ရှိလာခဲ့တာဖြစ်ပြီး အခုထိ ယူနိုက်တက်မှာ ခြေစွမ်းပြဖို့ အတော် ရုန်းကန်နေရတာကြောင့် သူ့ကို အသင်းဘက်က ကာလတို အငှားချသွားဖို့ စဉ်းစားလာနိုင်တာကြောင့် ဘာဘိုဆာ နဲ့ အန်တိုနီတို့ရဲ့ အလဲအထပ် အပြောင်းအရွှေ့ က စောင့်ကြည့်ချင်စရာ ဖြစ်ပါတယ်။