ဖူလ်ဟမ်နဲ့ပွဲမှာ သူ့အတွက် အကောင်းဆုံး မန်ယူအသင်းသား ကို ရွေးထုတ် ချီးကျူးသွားတဲ့ ပီတာ ရှမိုက်ကယ်

မန်ယူအသင်းရဲ့ ဖူလ်ဟမ်ကို ၁-၀ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ သူ့အတွက် အကောင်းဆုံး ကစားသမားကတော့ နောက်ခံလူ ဟယ်ရီမက်ဂွိုင်းယားဖြစ်တယ်လို့ ဂန္ထဝင် ကစားသမားကြီး ပီတာ ရှမိုက်ကယ်က ပြောဆိုလိုက်ပါတယ်။

နည်းပြ အဲရစ်တန်ဟတ် ရဲ့အသင်းဟာ ဖူလ်ဟမ်ကို အသင်းခေါင်းဆောင် ဖာနန်ဒက်စ်ရဲ့ နောက်ကျ သွင်းဂိုးကြောင့် အနိုင်ရခဲ့တာဖြစ်တဲ့အပြင် လန်ဒန်ကလပ်ရဲ့ အပြင်းစား ကန် ချက်တွေကိုလည်း ထိထိမိမိ ကာကွယ်ပေးနိုင်ခဲ့တဲ့ ဂိုးသမား အိုနာနာက လည်း အသိအမှတ်ပြုစရာ လုပ်ပြခဲ့တာပါ။

ဒါပေမဲ့ ရှမိုက်ကယ်ကတော့ ဒီပွဲနဲ့ ပတ်သက်လို့ အများနဲ့မတူတဲ့ အမြင်မျိုးရှိနေပြီး တချိန်က အဝေဖန်ခံ ကစားသမား ဖြစ်တဲ့ မက်ဂွိုင်းယားရဲ့ ကောင်းကွက်တွေကို ဆွဲထုတ်ပြသွားခဲ့ပါတယ်။

” ဒီနေ့ပွဲအတွက် ကျွန်aတာ်ရွေးတဲ့ အကောင်းဆုံး ကစားသမားကတော့ ဟယ်ရီ မက်ဂွိုင်းယားပါ။ သူက ဆရာကြီး ဖြစ်သွားခဲ့တာ။ ဟိုနေရာလည်း သူပဲ။ ဒီနေရာလည်း သူပဲ။ နေရာတိုင်းမှာလည်း သူပါပဲဗျာ။

သူကြုံခဲ့ရတဲ့ ဝေဖန်ခံရမှုတွေ၊ အခက်အခဲ ဒုက္ခတွေအားလုံးဟာ အခုဆိုရင်တော့ အခြေအနေပြောင်းသွားပြီ။ အခုဆိုရင် နည်းပြတိုင်းက သူ့ကို ဦးစားပေး လူစာရင်းထဲ ထည့်ထားတော့မှာ။

သူက ထူးခြားဆန်းကြယ်ပြီး ဒီနေ့မှာသာ သူမပါခဲ့ဘူးဆိုရင် မန်ယူဟာ နိုင်ပွဲရမယ် လို့တောင် ကျွန်တော် မထင်ဘူးဗျာ။ ” လို့ ရှမိုက်ကယ်က ချီးကျူးစကားတွေ ပြောသွားခဲ့တာပါ။

အင်္ဂလန်လက်ရွေးစင်ဖြစ်တဲ့ မက်ဂွိုင်းယားဟာ ဒဏ်ရာပြဿနာတွေ၊ ပုံစံကောင်း ပျောက်နေတဲ့ အချိန် ကာလတွေ ရှိခဲ့တာကြောင့် ပုံမှန်ပွဲထွက်ခွင့်နဲ့ ကင်းကွာနေခဲ့ရသူဖြစ်ပေမဲ့ လက်ရှိအချိန်မှာတော့ နည်းပြတန်ဟတ်ရဲ့ ယုံကြည်မှုကို ပြန်ရလာနေတဲ့ ကစားသမားဖြစ်ပါတယ်။

နောက်ပြီး ဖူလမ်နဲ့ပွဲမှာဆိုရင်လည်း လက်စတာ နောက်ခံလူဟောင်းဟာ ရှမိုက်ကယ်ပြောတဲ့အတိုင်းပဲ ခံစစ်ပိုင်းမှာရော တိုက် စစ်ကို ကူညီပေးတဲ့ နေရာမှာ ဟာကွက်မရှိအောင် ကစားပေးနိုင်ခဲ့သူဖြစ်ပါ တယ်။

နည်းပြ မာကိုဆေးလ်ဗားရဲ့ အသင်းကို ရင်ဆိုင်ခဲ့တဲ့ နေရာမှာ မက်ဂွိုင်းယားဟာ အမြင့်ဘော ဖျက်ထုတ်မှု ၈၀ ရာခိုင်နှုန်း အောင်မြင်ခဲ့သလို တိကျတဲ့ ပေးပို့မှု ၈၂ ရာခိုင်နှုန်းအထိ လုပ်နိုင်ခဲ့ပါတယ်။

ဒါ့အပြင် ပြိုင်ဘက် အသင်းရဲ့ အန္တရာယ်ရှိတဲ့ ခြိမ်းခြောက်မှု ၉ ကြိမ်ကိုလည်း ရှင်းထုတ်ပစ်နိုင်ခဲ့ တဲ့ ကစားသမားပါ။

ပြီးခဲ့တဲ့ ၂ လအကြာတုန်းကဆိုရင် မန်ယူရဲ့ ပဉ္စမမြောက် ဦးစားပေး နောက်ခံလူ ဖြစ်ခဲ့ပေမဲ့လည်း အခုလိုမျိုး ပြောင်းလဲလာတဲ့ အရည် အသွေးတွေကြောင့် မက်ဂွိုင်းယားအပေါ် နည်းပြ တန်ဟတ်တစ်ယောက် ယုံကြည်မှု အပြည့်ရှိနေပြီလည်း ဖြစ်ပါတယ်။