တစ်ဂိုးမှ မသွင်း၊ မဖန်တီးတဲ့ အန်တိုနီ ကို ဘာလို့ အမြဲ ပွဲထုတ်နေသလဲ နည်းပြ တန်ဟက် မေးခံရပါပြီ
မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် ဘာမှမလုပ်ပေးနိုင်တဲ့ တောင်ပံ ကစားသမား အန်တိုနီကို ပွဲထွက်စာရင်းထဲ အမြဲ ထည့်သွင်း အသုံးပြုနေတာနေတာနဲ့ပတ်သက်လို့ မန်ယူနည်းပြတန်ဟက် အား သရဲနီဟောင်းကြီး ရီယိုဖာနန်က မေးခွန်းထုတ်လိုက်ပါတယ်။
ဘရာဇီးသားဟာ ဖူလ်ဟမ်ကို ၁-၀ နဲ့အနိုင်ရခဲ့တဲ့ စနေညပွဲမှာ ခြေစွမ်းက အတော်ကြီးကို ဆိုးဆိုးရွားရွားဖြစ်ခဲ့တာပါ။ အဲဒီပွဲမှာ ၁၀ ကြိမ်တိုင် ဘောလုံးဆုံးရှုံးခဲ့သလို လိမ်ခေါက်မှု ၄ ကြိမ်မှာလည်း ၁ ကြိမ်သာ အောင်မြင်ခဲ့ပါတယ်။

အဲဒါကြောင့်လည်း ဒုတိယပိုင်း ၆၃ မိနစ်အရောက်မှာ အန်တိုနီဟာ ပယ်လစ်စထရီနဲ့ လူစားလဲခံခဲ့ရတာပါ။
အန်တိုနီဟာ ဒီရာသီ မန်ယူအတွက် တစ်ဂိုးမှ မသွင်းနိုင်သေးသလို တစ်ဂိုးမှ ဖန်တီးမှုလည်း မရှိသေးပါဘူး။ အဲဒါကြောင့်လည်း ဘောလုံးဝေဖန်သုံးသပ်သူအဖြစ် လုပ်ကိုင်နေတဲ့ မန်ယူ ဂန္ထဝင်ဟောင်းက အခုလို မေးခွန်း ထုတ်ခဲ့ပါတယ်။
”ပရိသတ်တွေဆီက အားမလိုအားမရဖြစ်မှုကို အန်တိုနီတစ်ယောက် ဘယ်လိုခံစားမလဲ ကျွန်တော် မသိပါဘူး။ ဒီရာသီမှာ သူကစားတာ ၁၁ ပွဲရှိသွားပြီ။ သွင်းဂိုး ဇီးရိုး၊ ဂိုးဖန်တီး ဇီးရိုးတဲ့။
ဒီလိုကိန်းဂဏန်းက တောင်ပံတိုက်စစ် ကစားသမားတစ်ယောက်ဆီကဆို ဘယ်လိုမှ အဆင်မပြေဘူးလေ။ သူ့ကို ဘာကြောင့် ပွဲထွက်သုံးနေတာလဲ။ သူ့ကြောင့် အရန်ခုံထိုင်ရတဲ့သူကလည်း နားလည်နိုင်မှာ မဟုတ်ပါဘူး”လို့ ဖာဒီနန်က ဆိုခဲ့တာပါ။
အန်တိုနီဟာ ပြီးခဲ့တဲ့နွေရာသီမှာ အေဂျက်ကနေ ယူရိုသန်း ၁၀၀ နဲ့ ပြောင်းလာပေမယ့် ပေးရတဲ့ဈေးနဲ့ ထိုက်တန်တဲ့ခြေစွမ်း မျိုး မပြနိုင်သေးပါဘူး။
ဆိုရှယ်မီဒီယာထက်က ပရိသတ်တွေကတော့ အန်တိုနီဟာ ပရီးမီးယားလိဂ်သမိုင်းရဲ့အညံ့ဆုံးပလေယာတွေထဲက တစ်ယောက်လို့ ပြောနေကြပါတယ်။