မန်ယူနဲ့ သူ့အကြောင်း မဟုတ်မဟတ်တွေ ပုံကြီးချဲ့နေတာ တော်ကြဖို့ ရက်ရှ်ဖို့ဒ် ပေါ်တင် တောင်းဆိုလိုက်ပါပြီ
မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့အကြောင်းနဲ့ ပတ်သက်ပြီး အခြေအမြစ်မရှိတဲ့ ကောလာဟလ သတင်းတွေကို မဟုတ်မမှန် လုပ်ကြံ ပြောဆို နေတာတွေ ရပ်ကြပါတော့ လို့ တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်က ပြောဆိုလိုက်ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်က ကစားခဲ့ တဲ့ ဖူလ်ဟမ်နဲ့ ကရာဗန်ကော့တေ့ချ်ပွဲစဉ်မှာ မန်ယူအသင်းနဲ့အတူ ပါသွားခဲ့ ပေမဲ့ အသင်းလူစာရင်းထဲ ပါမလာခဲ့တာကြောင့် တန်ဟတ်နဲ့ ရက်ရှ်ဖို့ဒ်ကြား မှာ အကွဲအပြဲတွေ ရှိနေပြီဖြစ်သလို အင်္ဂလန်သားရဲ့ အနာဂတ်ကလည်း မသေချာတော့ဘူးလို့ ချဲ့ကားရေးသားတဲ့ ပို့စ်တွေ တက်လာပါတယ်။

ဒါပေမဲ့ ဒီသတင်းတွေ အရှိန်ကောင်းမလာခင်မှာ ဦးချိုးနိုင်ဖို့အတွက် ရက်ရှ်ဖို့ဒ် တစ်ယောက် ချက်ချင်းပဲ တုံ့ပြန်ခဲ့တာပါ။
မန်ချက်စတာ ယူနိုက်တက်သတင်းတွေကို တွစ်တာစာမျက်နှာပေါ်မှာ ဦးစားပေးရေးသားပြီး လူသိများတဲ့ စာမျက်နှာ တစ်ခုကနေ ဒီလိုသတင်းမျိုးတွေ ထွက်လာတာဖြစ်တဲ့အပြင် Youtube မှာ ဆိုရင်လည်း အဲဒီလိုမျိုး ပြောဆိုမှုတွေ လုပ်နေတာ တွေ့ရပါတယ်။
ဒါကြောင့် ဒေါသထွက်နေတဲ့ ရက်ရှ်ဖို့ဒ်ဟာ တွစ်တာကနေတစ်ဆင့်ပဲ အခုလို တုံ့ပြန်ခဲ့ ပါတယ်။
” အခြေအမြစ်မရှိတဲ့ ကောလာဟလတွေ ဖြန့်နေတာကို ကျေးဇူးပြု ပြီး ချက်ချင်းရပ်ပေးကြပါ ” လို့ ရက်ရှ်ဖို့ဒ်က ရေးသားခဲ့ပါတယ်။
အသက် ၂၆ နှစ် အရွယ် အင်္ဂလန်သားဟာ ဒီရာသီမှာ မန်ယူအတွက် တစ်ဂိုးပဲ သွင်းထား နိုင်သေးပေမဲ့ နည်းပြ အဲရစ်တန်ဟတ်ရဲ့ ထောက်ခံမှုကို အပြည့်ရထားသူဖြစ် ပြီး အနာဂတ်နဲ့ပတ်သက်လို့ ဘယ်သူကမှ သံသယမဖြစ်ကြပါဘူး။
ရက်ရှ်ဖို့ဒ် ဟာ မန်ယူအပေါ် သစ္စာစောင့်သိမှုရှိတဲ့ ကစားသမားတစ်ယောက်ဖြစ်သလို မကြာသေးခင်ကမှ အသင်းနဲ့အတူ စာချုပ်သက်တမ်းလည်း တိုးထားတာ ဖြစ်ပါတယ်။
ဖူလ်ဟမ်နဲ့ပွဲမှာ ရက်ရှ်ဖို့ဒ်တစ်ယောက် မပါနိုင်တာဟာ ဒဏ်ရာ ကြောင့်ဖြစ်ပြီး စွန့်စားတာမျိုးမလုပ်ချင်တဲ့အတွက် ထည့် မသုံးတာ ဖြစ်တယ်လို့လည်း နည်းပြတန်ဟတ်က ပြောဆိုထားတာရှိပါတယ်။
ဒါပေမဲ့ ဖူလ်ဟမ်နဲ့ပွဲအပြီး မန်ယူအသင်းရဲ့ ညစာစားပွဲကို ရက်ရှ်ဖို့ဒ်တစ်ယောက် ရောက်မလာခဲ့တာ ကြောင့် နည်းပြတန်ဟတ်နဲ့ ရက်ရှ်ဖို့ဒ်ကြားမှာ အကွဲအပြဲ ဖြစ်နေပြီလို့ အင်္ဂလန် နာမည်ကြီး အတင်းအဖျင်း သတင်းဌာနတွေ အပါအဝင် အွန်လိုင်း သတင်းစာမျက်နှာတွေက ချဲ့ကား ရေးသား ကြတာဖြစ်ပါတယ်။