အသင်းဟောင်း ချယ်ဆီးနဲ့ လက်ရှိ မန်ယူကြား အဆင့်ကွာလို့ မေဆန်မောင့် ရုန်းကန်နေရတာ လို့ ဖာဒီနန်ကြီး သုံးသပ်
အင်္ဂလန်သား ကွင်းလယ်တိုက်စစ်သမား မေဆန်မောင့် ဒီရာသီ မန်ချက်စတာ ယူနိုက်တက် မှာ ရုန်းကန်နေရတာက ယခင် အသင်းဟောင်း ချယ်ဆီးနဲ့ လက်ရှိ မန်ယူ ကွာခြားတာကြောင့် ဖြစ်မယ် လို့ ရီယို ဖာဒီနန်က သုံးသပ်လာပါတယ်။
အသက် ၂၄ နှစ် အရွယ် ကွင်းလယ် တိုက်စစ်သမားဟာ နွေကမှ အိုးထရက်ဖို့ဒ်ထံ ပေါင် သန်း ၆ဝ နဲ့ ပြောင်းရွှေ့ လာခဲ့သူပါ။ ယူနိုက်တက် အတွက် ၉ ပွဲ ကစားပြီးချိန်မှာ မောင့်က တစ်ဂိုးသာ ဖန်တီးမှု လုပ်ထားနိုင်ပြီး ဝေဖန်မှုတွေ ခံယူနေရပါတယ်။

သရဲနီဟောင်းကြီး ဖာဒီနန်ကတော့ ယူနိုက်တက်ဟာ မောင့်ရဲ့ အသင်းဟောင်း ချယ်ဆီးထက် ပိုကြီးကျယ် ခမ်းနားတဲ့ အသင်းကြီး ဖြစ်နေတာကြောင့် အင်္ဂလန်သားက ရုန်းကန်နေရတာ ဖြစ်မယ် လို့ ယူဆနေပါတယ်။
” ချယ်ဆီးကို မလေးမစား ပြောချင်တာတော့ မဟုတ်ပါဘူး။ သူက အသင်းဟောင်းမှာတော့ ငယ်မွေးခြံပေါက်၊ လူတိုင်းချစ်တာ ခံရတဲ့ ကောင်လေးပါ။ တဖြည်းဖြည်း တောက်ပလာပြီးမှ ဒီရောက်လာတာ။
မောင့်က တခါမှ မကောင်းပြောခံရတာ၊ အခက်တွေ့တာ မကြုံရဖူးပါဘူး။ ‘ သူက ဒီမှာ ရှိသင့်ရဲ့လား။ သူက လုံလောက် ကောင်းမွန်မှု မရှိဘူးလေ၊ အသင်းမှာ ရှိနေသင့်ရဲ့လား။ ‘ ဆိုတဲ့ မေးခွန်းထုတ်မှုမျိုး သူ့ ဘဝမှာ တခါမှကို မကြုံဖူးခဲ့ဘူးလေ။
ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက်ကို လာရင် ဖိအားတွေက ရင်ဆိုင်ရမှာပါ။ မတူညီတဲ့ ဝန်တွေကို ပခုံးပေါ်မှာ ထမ်းထားရတယ်။ အခြေအနေ ရလဒ်တွေ မကောင်းဘူး ဆိုရင် ရင်ဘတ်ပေါ်က ဒီ အသင်း လိုဂို တံဆိပ်က အရမ်းကို လေးလံလာပါတယ်။
ဒါတွေကို အခု သူ မြင်တွေ့နေရပြီ။ ဒါပေမယ့် ကစားသမားတွေက အချိန် တစ်ခုတော့ လိုတယ် လို့ ကျွန်တော် မြင်တယ်။ ဒီမှာ သူ နေရာမှန် လူမှန် ဖြစ်လာရင် မန်ချက်စတာ ယူနိုက်တက် ကစားသမား အဖြစ် အစွမ်းပြ လာပါလိမ့်မယ်။ ” လို့ ဖာဒီနန်က သုံးသပ် ပြောဆိုခဲ့ပါတယ်။