ဒုတိယ ရာသီမှာ မန်ယူအသင်းနဲ့ ရုန်းကန်နေရပြီ ဖြစ်တဲ့ အဲရစ် တန်ဟက် အပေါ် ဆာအဲလက်စ် ဖာဂူဆန် ဘယ်လို သဘောထားရှိနေသလဲ

ဒီရာသီ ဖိအားတွေများနေတဲ့ မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ်တန်ဟက်ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ဘယ်လို ဆုံးဖြတ်သင့်လဲဆိုတာ ဂန္ထဝင်နည်းပြကြီးဖာဂူဆန်ရဲ့ သဘောထားနဲ့ပတ်သက်လို့ ဗြိတိန်မီဒီယာတွေက သတင်း ဖော်ပြခဲ့ကြပါတယ်။

အဲရစ်တန်ဟက်ဟာ ယူနိုက်တက် နည်းပြဘ၀ ပထမဆုံးရာသီမှာ လိဂ်ဖလားရယူပြီး ၆ နှစ်ကြာ ဖလားလက်မဲ့ မှတ်တမ်းဆိုး ကို အဆုံးသတ်နိုင်ခဲ့ပေမဲ့ ဒီရာသီမှာတော့ ရုန်းကန်နေရပါတယ်။

ယူနိုက်တက်အသင်းဟာ ဒီရာသီမှာ ၆၁ နှစ်အတွင်း အဆိုးရွားဆုံး ရာသီအစနဲ့ ရင်ဆိုင်ခဲ့ရပြီး ပြီးခဲ့တဲ့တစ်ပတ်က ဖူလ်ဟမ်နဲ့ပွဲမှာ ၁-၀ ဂိုးနဲ့နိုင်ပွဲပြန်ရခဲ့ပါတယ်။

ဖူလ်ဟမ်နဲ့ပွဲမတိုင်ခင် ယူနိုက်တက်တို့ မန်စီးတီး၊ နယူးကာဆယ်အသင်းတွေကို ၃-၀ ဂိုးပြတ်တွေနဲ့ ရှုံးနိမ့်ခဲ့ပြီး လိဂ်ဖလား ပြိုင်ပွဲကနေ ထွက်ခဲ့ရပြီဖြစ်ပါတယ်။

ယူနိုက်တက်အသင်းရဲ့ ခြေစွမ်းနဲ့ရလဒ်တွေ ဆိုးရွားနေတာကြောင့် အဲရစ်တန်ဟက်တစ်ယောက် ရာထူးက အထုတ်ခံရဖို့ နီးစပ်နေပြီဆိုတဲ့ ခန့်မှန်းချက်တွေထွက်ပေါ်ခဲ့သလို ယူနိုက်တက်နည်းပြရာထူးအတွက် ရီးယဲလ်ဂန္ထဝင် ဇီဒန်း၊ စပို့တင်း လစ္စဘွန်း နည်းပြ ရူဘင်အမော်ရင်တို့က ရေပန်းစားနေပါတယ်။

ဒါပေမဲ့လည်း ယူနိုက်တက်ဂန္ထဝင်နည်းပြကြီးဖာဂူဆန်ကတော့ အဲရစ်တန်ဟက်ဘက်ကနေ ဆက်လက် ရပ်တည်နေဆဲ ဖြစ်ပြီး အဲရစ်တန်ဟက်ဟာ ယူနိုက်တက်ကို လမ်းကြောင်းမှန်ပေါ်ပြန်ရောက်အောင် ဦးဆောင်နိုင်မဲ့သူလို့ လုံးဝ ယုံကြည်ထားပါတယ်။

ဖာဂူဆန်နဲ့ရင်းနှီးတဲ့ အသိုင်းအဝိုင်းက လူတစ်ဦးက “အဲရစ်တန်ဟက်ဟာ ဖာဂူဆန်ရဲ့ အားပေးထောက်ခံမှုကို ရရှိနေဆဲပါပဲ။ ဖာဂူဆန်က ယူနိုက်တက် နည်းပြထိုင်ခုံပေါ် အဲရစ်တန်ဟက် ရောက်လာချိန်ကတည်းက လှိုက်လှိုက်လှဲလှဲ ကြိုဆိုအားပေးခဲ့တာဖြစ်ပါတယ်။

အဲရစ်တန်ဟက်ရဲ့ လုပ်ပုံကိုင်ပုံတွေကို ဖာဂူဆန်က သဘောကျနေပြီး အထူးသဖြင့် အရေးပါတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်တဲ့ အပိုင်းမှာဖြစ်ပါတယ်။

ဖာဂူဆန်ကလည်း တခြားသူတွေလိုပဲ ဒီရာသီမှာ ယူနိုက်တက်ရဲ့ရလဒ်တွေ ပိုကောင်းလာဖို့ မျှော်လင့်ခဲ့တာပါ။

ဒါပေမဲ့ အခုရလဒ်ဆိုးတွေကြောင့် အဲရစ်တန်ဟက်ကို လက်ညှိုးထိုးပြီး နည်းပြအပြောင်းအလဲလုပ်ဖို့ တောင်းဆိုတာက မှားယွင်းတယ်လို့ ဖာဂူဆန်က ယူဆထားပါတယ်။

အဲရစ်တန်ဟက်ဟာ ယူနိုက်တက်ကို အပေါင်းလက္ခဏာဆောင်တဲ့ အပြောင်းအလဲဖြစ်အောင် လုပ်ပြနိုင်ဖို့ စိတ်ဓာတ်ကြံ့ခိုင်မှု၊ ကိုယ်ရည်ကိုယ်သွေးအပြည့်အဝရှိတယ်လို့လည်း ဖာဂူဆန်က ယုံကြည်နေပါတယ်။

ဒါ့အပြင် ယူနိုက်တက်ကို အောင်မြင်မှုလမ်းကြောင်းပေါ် ပြန်ရောက်အောင် ဆွဲတင်နိုင်ဖို့အတွက် အဲရစ်တန်ဟက်ကို အချိန်ပေးရမယ်ဆိုပြီး ဖာဂူဆန်က အခိုင်အမာ ယုံကြည်ထားပါတယ်”လို့ ဗြိတိန်သတင်းစာ The Sun ကို ပြောကြားခဲ့ပါတယ်။