ဒိုင်လူကြီးရဲ့ ဘက်လိုက် ဆုံးဖြတ်ချက်တွေအား တချက်ချင်း ဖော်ထုတ်ပြီး ရှုံးပွဲအတွက် ဖြေရှင်းချက် ပေးလာတဲ့ နည်းပြ တန်ဟက်

မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟက် က ကိုပင်ဟေဂင်ကို ၄-၃ ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်တွေကို မေးခွန်းထုတ် ဝေဖန်သွားခဲ့ပါတယ်။

ညကပွဲမှာ ပွဲချိန် ၃မိနစ်နဲ့ ၂၈မိနစ်တွေမှာ ဟွိုက်လန်းက မန်ချက်စတာ ယူနိုက်တက် အတွက် ဦးဆောင်ဂိုးတွေ သွင်းယူပေးခဲ့ပါတယ်။

၂-ဝ နဲ့ ဦးဆောင်ထားပြီးနောက် မန်ချက်စတာ ယူနိုက်တက်ကသာ ပွဲကို ဆက်လက် စိုးမိုးထားနိုင်ပေမယ့် ပွဲချိန် ၄၂မိနစ်မှာတော့ ယူနိုက်တက် တိုက်စစ်မှူး ရက်ဖို့ဒ်က ဘောလုံးကို လှည့်ထွက်ဖို့ ကြိုးစားရင်း ကိုပင်ဟေဂင် ဘယ်နောက်ခံလူ ဂျယ်လက်ရဲ့ ခြေထောက်ကို မတော်တဆ နင်းမိရာ ကနေ တိုက်ရိုက် အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။

တယောက်လျော့သွားပြီးနောက် မန်ချက်စတာ ယူနိုက်တက် ဟာ ဒုတိယပိုင်းမှာ တစ်ဂိုး ထပ်သွင်းနိုင်ခဲ့သေးပေမယ့် အိမ်ရှင် ကိုပင်ဟေဂင် တို့ နောက်ကျချေပဂိုးနဲ့ အနိုင်ဂိုးတွေ သွင်းယူခဲ့တာကြောင့် ယူနိုက်တက်တို့ ရမှတ်ဗလာနဲ့ အိမ်ပြန်ခဲ့ရတာပါ။

နည်းပြ တန်ဟက် ကတော့ ရက်ဖို့ဒ်ရဲ့ အနီကတ်ဟာ မဖြစ်သင့်သလို ကိုပင်ဟေဂင်ရဲ့ ပထမချေပဂိုးမှာလည်း ကိုပင်ဟေဂင် ကစားသမား တယောက်က ဂိုးသမား အိုနာနာရဲ့ မြင်ကွင်းကို ကွယ်နေခဲ့တာကြောင့် အဆိုပါဂိုးကို လူကျွံဘော အဖြစ် သတ်မှတ်ခဲ့သင့်ကြောင်း ထောက်ပြ ဝေဖန်သွားခဲ့ပါတယ်။

တန်ဟက် က “ရက်ဖို့ဒ်ရဲ့ အနီကတ် ပြစ်ဒဏ်ဟာ အတော်လေး ပြင်းထန်တဲ့ ဆုံးဖြတ်ချက်ပါ။ ကွင်းလယ်ဒိုင် ကတောင် သူ့ရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သတ်ပြီး မတင်မကျ ဖြစ်နေသေးတယ်။

ပထမပိုင်းမှာ ပေးလိုက်ရတဲ့ ဂိုး ၂ဂိုးကလည်း မပေးသင့်တဲ့ ဂိုးတွေပါ။ ပထမဂိုးမှာ အိုနာနာရဲ့ မြင်ကွင်းကို ကွယ်နေတဲ့ လူကျွံ ကစားသမား တယောက် ရှိနေသလို ဒုတိယဂိုးမှာလည်း မက်ဂွိုင်းယားက အဲ့ဒီ ဘောလုံးကို ဘယ်လိုရှောင်လို့ ရမှာလဲဗျာ။

ကျွန်တော်တို့က ဒိုင်တွေရဲ့ ဘက်လိုက်မှုတွေကို ကြုံနေရတာ အတော်လေး ကြာနေပါပြီ။ ဒီနေ့မှ မဟုတ်ပါဘူး။ ကျွန်တော်တို့က ကျွန်တော်တို့အသင်း နစ်နာစေမယ့် ဆုံးဖြတ်ချက်တွေနဲ့ တောက်လျှောက် ကြုံတွေ့ခဲ့ရတာပါ။ တနေ့နေ့တော့ ကျွန်တော်တို့အသင်း ဦးစားပေးခံရမယ့် အချိန်ကို ရောက်လာဦးမယ်လို့ ထင်ပါတယ်။ ဒီရာသီက အရှည်ကြီး ကျန်ပါသေးတယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။

မန်ချက်စတာ ယူနိုက်တက်က ဘိုင်ယန်မြူးနစ်၊ ဂါလာတာစာရေး၊ ကိုပင်ဟေဂင်တို့နဲ့ ချန်ပီယံလိဂ်မှာ တအုပ်စုထဲ ကျရောက်နေရာ အုပ်စု ပထမအကျော့ ၃ပွဲမှာ ၁ပွဲနိုင် ၊ ၂ပွဲရှုံး ဆိုတဲ့ ရလဒ်ကို ရခဲ့သလို အုပ်စု ဒုတိယအကျော့ ပြန်စချိန်မှာလည်း ကိုပင်ဟေဂင်ကို အရေးနိမ့်ခဲ့ပြန်တာ ဖြစ်ပါတယ်။