မန်ယူရဲ့ ဒီရာသီ အကောင်းဆုံး ခြေစွမ်းကို မြင်ခဲ့ရတဲ့ ပွဲ လို့ ကိုပင်ဟေဂင် ရှုံးပွဲအပြီးမှာ တန်ဟက် ဖြေသိမ့်စကား ဆို

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ နံနက်အစောပိုင်းက ကစားခဲ့တဲ့ ချန်ပီယံလိဂ် အဝေးကွင်း ပွဲစဉ်မှာ ကိုပင်ဟေဂင် အသင်းကို ၄-၃ နဲ့ အရေးနိမ့်ပြီးနောက် အုပ်စုတွင်း ဇယားအောက်ဆုံးထိ ကျဆင်းသွားရပြီ ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ဦးဆောင်ဂိုးတွေ တောက်လျောက် သွင်းခဲ့သေးပြီး ၂-ဝ နဲ့ ဦးဆောင်ခဲ့ပေမယ့် ပထမပိုင်းပြီးခါနီး ရက်ဖို့ဒ် အနီကတ်နဲ့ ထုတ်ပယ် ခံလိုက်ရတာက ပွဲကို ပြောင်းလဲသွားစေခဲ့ပါတယ်။

ပွဲအပြီးမှာ နည်းပြ တန်ဟက်ကတော့ ဒီပွဲရှုံးခဲ့သည့်တိုင် အကောင်းမြင်စရာတွေ အများကြီး ရှိခဲ့ကြောင်းနဲ့ ရက်ဖို့ဒ်အနီကတ် အကြောင်း ပြောဆိုခဲ့ပါတယ်။

” ဒီပွဲကနေ အကောင်းမြင်စရာ အများကြီး ရှိခဲ့တာကိုပဲ ယူပါတယ်။ ၁ဝ ယောက်တည်း ဖြစ်သွားသည့်တိုင် ကျွန်တော်တို့ ပွဲကို ထိန်းချုပ်ထားနိုင်ခဲ့တယ်။

ဒီပွဲ ပထမပိုင်း မိနစ် ၂ဝ ကတော့ ဒီရာသီ အကောင်းဆုံး ပုံစံပဲ။ ကြိုးစား ပန်းစားကို ဖိုက်ခဲ့ကြတယ်၊ ကောင်းကောင်း ကစားခဲ့ကြတယ်။ ဒါပေမယ့် တစ်မှတ်တောင် မရခဲ့ဘူးပေါ့ဗျာ။

ရက်ဖို့ဒ် ဖြစ်ရပ်ကို ရပ်ပြီး ကြည့်မယ်ဆိုရင်တော့ ကြည့်ရ ပိုဆိုးမှာပေါ့။ ဒါပေမယ့် ပွဲထဲမှာက အဲဒီလို မဟုတ်ခဲ့ဘူး။ အဲဒီ အနီကတ်က အရာရာကို ပြောင်းလဲသွားစေခဲ့တယ်။ အဲဒါက ပြင်းထန်လွန်းပါတယ်။ ဒိုင်ကလည်း အဲဒါကို အချိန် အကြာကြီး ယူ ကြည့်ပြီး အနီကတ် လုပ်ပလိုက်တယ်။ ” လို့ တန်ဟက်က ပြောဆိုခဲ့ပါတယ်။

အုပ်စုပွဲ ကစားဖို့ ၂ ပွဲသာ ကျန်ချိန်မှာ ယူနိုက်တက်ဟာ အမှား လုံးဝ မခံတော့ဘဲ အမှတ်ပြည့် ယူနိုင်ပြီး ကိုပင်ဟေဂင်လည်း အမှတ်လျော့မှသာ နောက်တစ်ဆင့် မျှော်မှန်းနိုင်တော့မှာ ဖြစ်ပါတယ်။