စနေည အိုးထရက်ဖို့ဒ်မှာ မန်ယူက လူတန်အသင်းကို ဘယ်နှဂိုးကြိတ်မလဲ ကြိုတင် ခန့်မှန်းလိုက်တဲ့ ခရစ်ဆက်တန်
နိုဝင်ဘာလ နိုင်ငံတကာ သီတင်းပတ်ထဲ မဝင်ခင်မှာ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီအပတ် ပရီးမီးယားလိဂ် ပွဲ အဖြစ် တန်းတက် လူတန်တောင်း အသင်းနဲ့ တွေ့ဆုံနေပြီး အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ဧည့်ခံ ကစားရဖို့ ရှိနေပါတယ်။
ပွဲ ကစားမယ့် ချိန်ကတော့ မနက်ဖြန် စနေနေ့ ည ၉ နာရီခွဲ မှာ ဖြစ်ပါတယ်။ ဘီဘီစီ သတင်းဌာနမှ ပင်တိုင် သုံးသပ်သူကြီး ဖြစ်တဲ့ ခရစ်ဆက်တန် က မန်ယူနိုက်တက်နဲ့ လူတန်တောင်း အသင်းတို့ ပွဲစဉ် အတွက် ပွဲကြို သုံးသပ် ခန့်မှန်းချက် အခုလို ထုတ်လာပါတယ်။

ခရစ်ဆက်တန်ရဲ့ ပွဲကြို သုံးသပ်ချက်
မန်ချက်စတာ ယူနိုက်တက်က ကိုပင်ဟေဂင်နဲ့ ပွဲမှာ ရက်ဖို့ဒ် အထုတ်မခံရခင်ထိ ပထမပိုင်း မိနစ် ၄ဝ လုံး အတော် ကောင်းကောင်း ကစားသွားခဲ့တာပါ။ ဘောလုံးနဲ့ အတူလည်း ရဲရဲရင့်ရင့် ရှိတယ်၊ ကောင်းကောင်း အသုံးချနိုင်တယ်။ သိပ်တော့ ကြာကြာ လုပ်မပြနိုင်ခဲ့ပေမယ့်လို့ပေါ့။
ယူနိုက်တက်ရဲ့ အခုလို ရလဒ်ဆိုးတွေ ကြုံနေရချိန်မှာမှ ဒီအပတ် ပွဲဟာ အိပ်မက်ဆိုး တစ်ခုလို ဖြစ်နေမှာပါ။ လူတန်က ဘယ်လောက် မာကျော်ပြီး ဖြိုခွဲရခက်တယ် ဆိုတာ ပြီးခဲ့တဲ့အပတ် လီဗာပူးနဲ့ ပွဲမှာ မြင်ခဲ့ရပါတယ်။
ဒီအပတ်ပွဲတွေ ပြီးရင် နိုင်ငံတကာ သီတင်းပတ်ထဲ ဝင်တော့မှာ ဖြစ်လို့ ယူနိုက်တက် မန်နေဂျာ အဲရစ် တန်ဟက် အတွက်တော့ ဒီပွဲက နိုင်ကို နိုင်မှ ရမယ့် ပွဲပါ။ သရေကျတယ် ဆိုရင်တောင် မလုံလောက်ပါဘူး။ ဒါပေမယ့် ဖြစ်သွားရင်လည်း တန်ဟက် အထုတ်ခံရမယ်တော့ မထင်ဘူး။
တန်ဟက် အနာဂတ်က ဘယ်လို ဖြစ်မလဲ ပြောဆို ဆွေးနွေးနေကြတာတွေသာ ဆက်ရှိနေပြီး သူ့ ပခုံးပေါ် ဖိအားတွေ ပိုလာမယ်၊ ဒီလောက်ပါပဲ။
ဒါတွေ အားလုံးကို ထည့်တွေးပြီးတဲ့ အခါမှာတော့ မန်ချက်စတာ ယူနိုက်တက်က ဒီပွဲကို အနိုင်ယူနိုင်လောက်တယ် လို့ ကျွန်တော် ထင်ပါတယ်။ ပြီးခဲ့တဲ့ အပတ် ဖူလ်ဟမ်နဲ့ ပွဲတုန်းကလိုပေါ့။ လွယ်ကူမှာတော့ မဟုတ်ဘူး။
ခရစ်ဆက်တန်ရဲ့ ပွဲ ခန့်မှန်းရလဒ်
မန်ချက်စတာ ယူနိုက်တက် ၂-၁ လူတန်တောင်း