မန်ယူရဲ့ ပြဿနာအိုးကြီး ၃ ယောက်ကို ရောင်းထုတ်ပြီး အပြောင်းအလဲကြီးတွေ ကိုယ်တိုင်လုပ်မယ့် ရှယ်ယာရှင်သစ် ဂျင်မ်ရက်ကလစ်ဖ်

ဗြိတိန်သန်းကြွယ်သူဌေးဖြစ်သူ ဆာ ဂျင်မ်ရက်ကလစ်ဖ်ဟာ လာမယ့် တနင်္လာနေ့ကျရင် ယူနိုက်တက် အသင်းရဲ့ ရှယ်ယာ ၂၅ % ကို ပေါင် ၁.၃ ဘီလီယံနဲ့ အပြီးသတ်ဝယ်ယူဖို့ နီးစပ်နေပြီး ရှယ်ယာရှင်ဖြစ်လာပြီဆိုတာနဲ့ အသင်းကို ကြီးမားတဲ့ အပြောင်းအလဲတွေပြုလုပ်သွားဖို့ စီစဉ်ထားပါတယ်။

ဂျင်မ်ရက်ကလစ်ဖ်ဟာ အသင်းရဲ့ ပြဿနာအိုး ဖြစ်နေတဲ့ ကစားသမား ၃ ဦးကို လာမဲ့ ဇန်နဝါရီအပြောင်းအရွှေ့ ဈေးကွက်အတွင်း အသင်းရဲ့ကစားသမား ၃ ဦးဖြစ်တဲ့ အန်တိုနီ၊ ဆန်ချို၊ မာစီယဲလ်တို့ကို ရောင်းချသွားချင်နေပါတယ်။

ပြီးခဲ့တဲ့ရာသီက အေဂျက်စ်ကနေ ပေါင် ၈၅ သန်းနဲ့ ယူနိုက်တက်ကို ပြောင်းရွှေ့ခဲ့ပြီး အသင်းသမိုင်းတစ်လျှောက် ဒုတိယမြောက် ကြေးအကြီးဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့သူ အန်တိုနီဟာ

အန်တိုနီဟာ အခုအချိန်အထိ ပြောင်းရွှေ့ကြေးနဲ့ ထိုက်တန်တဲ့ခြေစွမ်း မပြသနိုင်သေးဘဲ ဒီရာသီမှာ သွင်းဂိုးမရှိ၊ ဂိုးဖန်တီးမှု မရှိတဲ့အထိ အခြေအနေဆိုးရွားနေပါတယ်။

ဆန်ချိုက နည်းပြအဲရစ် တန်ဟက်နဲ့ပြဿနာတက်ခဲ့ပြီးနောက်ပိုင်းကတည်းက စီနီယာအသင်းကနေ ကန်ထုတ်ခံထားရပြီး သူက အဲရစ်တန်ဟက်ကို တောင်းပန်ဖို့ ငြင်းဆန်ခဲ့တာကြောင့် အသင်းနဲ့အတူ လေ့ကျင့်ခန်းဆင်းဖို့ ပိတ်ပင် ခံထားရတဲ့အပြင် ယူနိုက်တက်အသင်းရဲ့ အရိပ်ကိုတောင် နင်းခွင့်မရှိတော့တဲ့အနေအထားပါပဲ။

ပြင်သစ် တိုက်စစ်ကစားသမား မာစီယဲလ်ကတော့ ဒဏ်ရာပြဿနာ၊ ပုံမှန်ခြေစွမ်းမပြနိုင်တာတွေနဲ့အတူ ရုန်းကန်ခဲ့ရပြီး ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့နွေရာသီကတည်းက မာစီယဲလ်ကို ရောင်းချဖို့စီစဉ်ခဲ့တာဖြစ်ပါတယ်။

ဆာ ဂျင်မ်ရက်ကလစ်ဖ်ဟာ ယူနိုက်တက်အသင်းပိုင်ရှင်ဂလေဇာမိသားစု အဖွဲ့ဝင်ဖြစ်သူ ဂျိုဝဲလ်ဂလေဇာနဲ့ ပြီးခဲ့တဲ့ရက်ပိုင်းက တွေ့ဆုံခဲ့ပြီး အသင်းရဲ့ဘောလုံးကဏ္ဍဆောင်ရွက်ပုံတွေကို အသေးစိတ်မေးမြန်းခဲ့ပါတယ်။

ဂျင်မ်ရက်ကလစ်ဖ်က ယူနိုက်တက်အသင်းရဲ့ဘောလုံးဘုတ်အဖွဲ့ကို အပြောင်းအလဲလုပ်ချင်နေတာကြောင့် အမှုဆောင်ချုပ် ဖြစ်သူ ရစ်ချတ်အာနိုးလ်၊ ဘောလုံးဒါရိုက်တာဂျွန်မာတော့ဖ်၊ စီးပွားရေးဆိုင်ရာ စီမံခန့်ခွဲမှု ဒါရိုက်တာ ဒေးဗစ်ဟာရစ်ဆင်တို့ရဲ့ ရာထူးအခြေအနေက ခပ်လှုပ်လှုပ်ဖြစ်လာပါပြီ။

ဒါ့အပြင် ဂျင်မ်ရက်ကလစ်ဖ်ဟာ အသင်းရဲ့ကစားသမားအပြောင်းအရွှေ့ဆိုင်ရာကိစ္စ၊ အရည်အသွေးမြင့် လူငယ်ဘောလုံးသမားတွေကို ရှာဖွေရတဲ့ ဘောလုံးကင်းထောက်ဆိုင်ရာ ကိစ္စအပါအဝင် ဘောလုံးကဏ္ဍနဲ့ပတ်သက်တဲ့ Network တစ်ခုလုံးကို တာဝန်ယူ ကိုင်တွယ်သွားဖို့ ရှိနေပါတယ်။