ကတ်စ်မဲရိုး နေရာ အတွက် ဘရာဇီး လက်ရွေးစင် ဖြစ်ခါစ လူငယ် ကြယ်ပွင့်လေး ခေါ်ယူအစားထိုးဖို့ မန်ယူအသင်း လှုပ်ရှားနေ
မန်ယူအသင်းဟာ ဒီရာသီမှာ မကြာခဏ ဒဏ်ရာတွေ ရနေတဲ့ အဓိက ကွင်းလယ်ခံစစ် ကစားသမား ကတ်စ်မဲရိုး ရဲ့ နေရာအတွက် အစားထိုးမှု အဖြစ် ဖလူမင်နိစ် ကွင်းလယ်ခံစစ် ကစားသမား အန်ဒရေကို ခေါ်ယူရန် ကြိုးစား လာပါတယ်။
မန်ချက်စတာ ယူနိုက်တက်က ဗဟိုကွင်းလယ်နဲ့ ကွင်းလယ်ခံစစ်ပိုင်းမှာ တော်မီနေး ၊ အဲရစ်ဆင် ၊ ကတ်စ်မဲရိုး ၊ အမ်မရာဘက် စတဲ့ ကစားသမား ၄ဦးကို ပိုင်ဆိုင်ထားပေမယ့် ကတ်စ်မဲရိုး တဦးထဲကသာ ကမ္ဘာ့အဆင့် ကစားသမား ဖြစ်ပြီး ကျန်တဲ့သူတွေက နည်းပြလိုချင်တဲ့ ကစားပုံအတိုင်း လိုက်မကစားနိုင်ကြပါဘူး။

ကတ်စ်မဲရိုးကလည်း ဒီရာသီမှာ မကြာခဏ ဒဏ်ရာရနေသလို ခြေစွမ်းပိုင်းပါ အနည်းငယ် ကျဆင်းလာတဲ့အပြင် ဆော်ဒီကလပ်တွေရဲ့ စိတ်ဝင်စားမှုကို ရရှိလာတာကြောင့် လာမယ့် ဆောင်းဈေးကွက်မှာ မြင့်မားတဲ့ ပြောင်းရွှေ့ကြေး တရပ်နဲ့ ရောင်းထုတ်ကာ ကွင်းလယ်လူသစ် တဦး ပြန်ခေါ်ဖို့ မန်ယူဘက်က စဉ်းစားနေပါတယ်။
နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ တယ်ဘော့တ်ရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်က ဖလူမင်နိစ် ကွင်းလယ်ခံစစ် ကစားသမား အန်ဒရေကို ခေါ်ယူဖို့ ချိတ်ဆက်မှုတွေ စတင် ပြုလုပ်ခဲ့တယ် လို့ သိရပါတယ်။
အသက် ၂၂နှစ် အရွယ်သာ ရှိသေးတဲ့ အန်ဒရေက ပူပူနွေးနွေး ဘရာဇီးလ် လက်ရွေးစင် ကစားသမား တဦး ဖြစ်ပြီး သူဟာ ကတ်စ်မဲရိုးအလွန် ဘရာဇီးလ်ရဲ့ ကွင်းလယ်ခံစစ်ကို တာဝန်ယူရမယ့်သူလို့ သတ်မှတ်ခံထားရသလို ဖလူမင်နိစ်ရဲ့ မရှိမဖြစ် ကစားသမားလည်း ဖြစ်ပါတယ်။
အန်ဒရေက ဖလူမင်နိစ်မှာ ခြေစွမ်းကောင်းတွေ ပြသထားနိုင်တာကြောင့် မန်ချက်စတာ ယူနိုက်တက်အပြင် လီဗာပူး ကလည်း သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ဖလူမင်နိစ်ကတော့ အန်ဒရေအတွက် ပြောင်းရွှေ့ကြေး ယူရို ၄၀သန်း ဝန်းကျင် လိုချင်နေပါတယ်။
အန်ဒရေဟာ လာမယ့် ဆောင်းဈေးကွက်မှာ ဖလူမင်နိစ်ကို စွန့်ခွာကာ ဥရောပအသင်းတွေဆီ ပြောင်းဖို့ ဆုံးဖြတ်ထားသူ ဖြစ်ကြောင်းလည်း သိရပါတယ်။