ပရိသတ်တွေကို စိတ်ကင်ဆာတွေ ပေးပြီးမှ လင်ဒီလော့ဖ် သွင်းဂိုးကြောင့် မန်ယူတို့ အသက်ရှုချောင်ကာ နိုင်ပွဲ ရသွားတဲ့ လူတန်နဲ့ ပွဲ အကြောင်း

မန်ချက်စတာယူနိုက်တက်ကတော့ ဒီည အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ တန်းတက် လူတန်တောင်း အသင်း ကို ဧည့်ခံ ကစားရာ အသည်းအသန်ကို ကစားခဲ့ရပြန်ပြီး လင်ဒီလော့ဖ် သွင်းဂိုးကြောင့် နိုင်ပွဲတော့ ရခဲ့ပါတယ်။

ပွဲတိုင်းမှာ သရဲနီ ပရိသတ်ကို စိတ်ဒုက္ခတွေ လှိမ့်ပေးနေတဲ့ တန်ဟက် ရဲ့ အသင်းဟာ ဒီပွဲမှာလည်း အပိုင်အလုံးတွေကို အသုံးမချနိုင်ခဲ့ဘဲ အများကြီးနစ်နာခဲ့ရပါတယ်။

ယူနိုက်တက် အသင်းရဲ့ စွမ်းဆောင်ရည်က တက်မလာဘဲ တော်တော်လေးကို ဆိုးရွားနေခဲ့ပြီး ထုံးစံအတိုင်း ပရိသတ်တွေကို စိတ်ကင်ဆာတွေ ပေးခဲ့ပြန်ပါတယ်။

လူတန်တောင်း အသင်း ကတော့ အဝေးကွင်းမှာ သရေတမှတ်ရဖို့ကို ဦးတည်လာခဲ့ပြီး ရည်ရွယ်ချက်အတိုင်း ပီပီပြင်ပြင် ကစားနိုင်ခဲ့ပါတယ်။

ပရီးမီးယားလိဂ်မှာ သွင်းဂိုးမရသေးတဲ့ တိုက်စစ်မှူးဟွိုက်စ်လန်းကလည်း အပိုင်လုံး ၃ လုံးထက်မနည်းကို လွဲချော်ခဲ့ သလို ဒဏ်ရာပါ ရသွားခဲ့ပါတယ်။ ရက်ရှ်ဖို့ဒ်ကလည်း ခြေစွမ်းထပ်ပျောက်နေခဲ့ပြီး ယူနိုက်တက်ဟာ နိုင်ပွဲတပွဲရဖို့ ကစားသမားတွေ အားကုန်ထုတ်ပြီး ကစားနေရကာ တော်တော်လေးကို ပင်ပန်းနေခဲ့ရပါတယ်။

လူတန်ရဲ့ အပိုင်ကန်သွင်းချက်တချို့ကို အိုနာနာသာ မကာကွယ်နိုင်ခဲ့ရင် ဂိုးတောင်ပေးခဲ့ရမယ့် အနေအထားရှိခဲ့တာပါ။

ပထမပိုင်းမှာ ဂိုးမရှိသရေကျနေခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှုအသာစီးရထားတဲ့ ယူနိုက်တက်တို့ မိနစ် ၆၀မှာမှ လင်ဒီလော့ဖ်ရဲ့ သွင်းဂိုးကြောင့် ဦးဆောင်နိုင်ခဲ့ပါတယ်။ ရက်ရ်ဖို့ဒ်ရဲ့ ကန်ချက်ကို လူတန်နောက်ခံလူရှင်းထုတ်ပြီး ပြန်ထွက်လာတာကို လင်ဒီလော့ဖ်က အပိုင် ပိတ်သွင်းသွားခဲ့တာပါ။

ဂါနာချို၊ ဟွိုက်စ်လန်းတို့သာ ဂိုးသွင်းသေချာခဲ့ရင် ယူနိုက်တက်ဟာ ဂိုးပြတ်နိုင်ပွဲတပွဲကို ရယူနိုင်ခဲ့မှာ့ပါ။ ဒါပေမယ့် သူတို့ရဲ့ အဆုံးသတ်ပိုင်း ညံ့ဖျင်းနေခဲ့လို့ တော်တော်လေးရုန်းကန်ခဲ့ရပါတယ်။

ရက်ရှ်ဖို့ဒ်ကလည်း အပိုင်ကန်ခွင့်ရပေမယ့် ဂိုးသမားတည့်တည့်သာကန်ခဲ့ပါတယ်။ အဆုံးမှာတော့ ယူနိုက်တက်တို့ လင်ဒီလော့ဖ်ရဲ့ သွင်းဂိုးတဂိုးတည်းနဲ့ လူတန်ကိုအနိုင်ရပြီး ရလဒ်ဆိုးတွေကနေ ရုန်းထွက်နိုင်ခဲ့ပါတယ်။

ဘာပဲ ပြောပြော မန်ချက်စတာ ယူနိုက်တက်ဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ ပထမဆုံးအကြိမ် (၂)ပွဲဆက် Clean Sheets နိုင်ပွဲပါ ရရှိသွားခဲ့ပြီး အဆင့် ၄ နေရာက လီဗာပူးနောက် ၃ မှတ် အကွာကို ချဉ်းကပ်လာနိုင်ပြီ ဖြစ်ပါတယ်။