လမ်းပတ်အတွက် ထောက်ခံသူ ပီတာချက်၊ ကွန်တီ ပယ်ချတဲ့ ဟာဇက်နဲ့ ယနေ့ည ချဲလ်ဆီး သတင်းတိုများ

ချဲလ်ဆီး ကွင်းလယ်လူ ကိုင်ဟာဗက်ဇ်အနေနဲ့ အသေးစားဒဏ်ရာကြောင့် လက်ချင်စတိန်နဲ့ ကစားခဲ့တဲ့ ဂျာမနီရဲ့ ပွဲစဉ်ကို လွဲချော်ခဲ့ပါတယ်။ ဒါပေမဲ့ဟာဗက်ဇ်ရဲ့ ဒဏ်ရာဟာ စိုးရိမ်ရခြင်း မရှိဘဲ ဖလစ်အနေနဲ့ မစွန့်စားလိုတာကြောင့်သာ အသုံး မပြုခဲ့တာပါ။

စပိန်က လာတဲ့ သတင်းတွေ အရ တော့တင်ဟမ် စပါး အသင်းနည်းပြ ကွန်တီဟာ ချဲလ်ဆီး တောင်ပံ ကစားသမားဟောင်း ဟာဇက်ကို ခေါ်ယူမယ့်အရေးကို ပယ်ချခဲ့တယ်လို့ သိရပါတယ်။ ဟာဇက်ဟာ ရီးရဲလ်မှာ ရုန်းကန် နေရဆဲ ဖြစ်ပါတယ်။

ချဲလ်ဆီးကစားသမားဟောင်း ကက်ကာရီနိုက ပဲလေ့စ်မှာ ခြေစွမ်းပြနေတဲ့ လူငယ်ကြယ်ပွင့် ဂယ်လင်ဟာအနေနဲ့ လာမဲ့ရာသီ တူချယ်ရဲ့ လက်အောက်မှာ ကစားခွင့်ရဖို့ ထိုက်တန်ကြောင်း၊ ဒီအချိန်မှာ ဂယ်လင်ဟာအနေနဲ့ ချဲလ်ဆီးက ဗဟို ကွင်းလယ်လူတွေ ထက်တောင် ပိုကောင်းနေကြောင်း၊ ဂယ်လင်ဟာအနေနဲ့ ပဲလေ့စ်အတွက် ၁၀ ဂိုးလောက် သွင်းနိုင်မယ် လို့ ထင်မှတ်မိကြောင်း ဖွင့်ဟခဲ့ပါတယ်။

ချဲလ်ဆီးအနေနဲ့ ဖီနာဘာချီကြယ်ပွင့် Attila Szalai ကို ခေါ်ယူဖို့ သဘောတူညီချက် ရရှိခဲ့ပြီဖြစ်ကြောင်း တူရကီ မီဒီယာတွေက ဖော်ပြနေကြပါတယ်။ ချဲလ်ဆီးအနေနဲ့ ၂ ၃နှစ်အရွယ်နောက်ခံလူကို ကနဦးယူရို ၂၃.၄ သန်း ပေးချေသွားမှာ လို့ သိရပါတယ်။

ချဲလ်ဆီးနည်းပြဟောင်း လမ်းပတ်အနေနဲ့ နော့ဝှစ်ချ်ကို ပြောင်းလာတာက ကွင်းလယ်ကြယ်ပွင့် ဂယ်လ်မောရဲ့ အရည်အသွေးကို တောက်ပြောင်လာစေမှာဖြစ်ကြောင်း ဒေးလီးမေးလ်ရဲ့ ဆောင်းပါးရှင်တစ်ဦးကသုံးသပ်ခဲ့ပါတယ်။ ဂယ်လ်မော ဟာ ဒီရာသီ နော့ဝှစ်ချ်ကို အငှားနဲ့ပြောင်းရွှေ့ပြီးနောက် ရုန်းကန်ရလျက်ရှိနေတာပါ။

ချဲလ်ဆီးအသင်းမှာ နည်းစနစ် အကြံပေး အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ပီတာချက် ဒီရာသီ ပရီးမီးယားလိဂ် ချန်ပီယံဆုဟာ ပြိုင်ဆိုင်မှု ပြင်းထန်လွန်းပြီး နှစ်ကောင်တည်းပြေးတဲ့ပြိုင်ပွဲ မဟုတ်ကြောင်း၊ပြိုင်ဘက်တွေဖြစ်ကြတဲ့ မန်စီးတီး၊ လီဗာပူး၊ ဝက်စ်ဟမ်းတို့ရဲ့ခြေစွမ်းဟာ အထင်ကြီး လေးစားစရာ ကောင်းကြောင်း သုံးသပ်ခဲ့ပါတယ်။

ချဲလ်ဆီးတိုက်စစ်မှူး ပူလီဆစ်အနေနနဲ့ သောကြာနေ့မှာ မက္ကဆီကိုနဲ့ ယှဉ်ပြိုင်ကစားမဲ့ အမေရိကန်ရဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာ ပါဝင်နိုင်မှာ မဟုတ်ကြောင်း သိရပါတယ်။ ကြံ့ခိုင်မှု ပြဿနာရှိနေတဲ့ ပူလီဆစ်ကို အလွန်အကျွံ မသုံးဖို့ တူချယ်ကလည်း အမေရိကန်ကို သတိပေးထားပါတယ်။

ချဲလ်ဆီး ဂိုးသမားဟောင်း ပီတာချက်ကတော့ လမ်းပတ်အနေနဲ့ နော့ဝျစ်ချ်ကို ကိုင်တွယ်မဲ့အပေါ် အားပေးထောက်ခံ ခဲ့ပါတယ်။ လမ်းပတ်ဟာ ပရီးမီးယားလိဂ်မှာ နည်းပြဖြစ်ဖို့ အရည်အသွေး လုံလောက်မှု ရှိကြောင်း၊ နော့ဝှစ်ချ်ဟာ လမ်းပတ် အတွက် သင့်တော်တဲ့ အသင်း ဖြစ်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။