ကလော့၊ အာတီတာတို့ထက် သာပြီး ဂွာဒီယိုလာကို ပခုံးချင်း ယှဉ်နိုင်နေတဲ့ တန်ဟက်ရဲ့ ပရီးမီးယားလိဂ် မှတ်တမ်းကောင်း ထွက်ပေါ်လာပါပြီ
စနေနေ့ ညက အိုးထရက်ဖို့ဒ်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ လူတန်တောင်းပွဲဟာ နည်းပြ အဲရစ် တန်ဟက်အတွက် ပရီးမီးယားလိဂ်ပွဲ ပွဲ ၅၀ ပြည့် ပွဲစဉ် ပဲ ဖြစ်ပါတယ်။
ထိုပွဲမှာ ၁-၀ ဖြင့် အနိုင်ရခြင်းနဲ့အတူ မန်ယူနိုက်တက်ဟာ အဆင့် ၆ နေရာကို တက်လာပြီး အဆင့် ၄ နေရာက လီဗာပူးကို ၃ မှတ်အကွာဖြင့် ဖိအားပေးလာနိုင်ပါတယ်။

ဒါ့အပြင် မန်ချက်စတာ ယူနိုက်တက် နည်းပြ တန်ဟက်ဟာ လူတန်တောင်း နိုင်ပွဲကြောင့် အံ့ဩသင့်စရာ စံချိန်တစ်ခုလည်း ရရှိသွားပါတယ်။
တန်ဟက်ဟာ ပရီးမီးယားလိဂ် ပွဲ ၅၀ မှာ ပွဲပေါင်း ၃၀ ထိကို အနိုင်ရခဲ့ပြီး ရမှတ် ၉၆ မှတ်ထိ ရယူနိုင်ခဲ့ပါတယ်။ ဒါဟာ ယာဂင်ကလော့ပ်ရဲ့ ပထမဆုံး လီဗာပူးနည်းပြ ဘဝ ပွဲပေါင်း ၅၀ မှာ ၂၆ ပွဲအနိုင် ရမှတ် ၉၂ မှတ်ထက် ပိုမို သာလွန်နေခဲ့တာ ဖြစ်ပါတယ်။
ဒီကာလတွေမှာ နည်းပြတန်ဟက်ကို ရာထူးကနေ ထုတ်ပယ်ဖို့ တိုက်တွန်းမှုတွေ ရှိပေမယ့် အင်္ဂလန်လိဂ်မှာ ပထမဆုံး ပွဲ ၅၀ ကိုင်တွယ်ပြီး သရဲနီနည်းပြထက် ရမှတ် ပိုယူနိုင်တာဆိုလို့ ဂွာဒီယိုလာ (၁၁၂ မှတ်) ပဲရှိကာ အာတီတာ ကလည်း ရမှတ် ၇၂ မှတ်ပဲ ယူနိုင်ခဲ့တာပါ။
လူတန်တောင်း နိုင်ပွဲအပြီး နည်းပြတန်ဟက်ကတော့ ” နေ့ကောင်းတစ်ရက်ပါပဲ။ ကျနော်တို့ နိုင်ဖို့ လိုနေတာပါ။ ဒုတိယဂိုး သွင်းနိုင်ခဲ့ရင် ပိုပြီး လွယ်ကူ အဆင်ပြေခဲ့မှာပါ။ ကျနော်ကတော့ clean sheet နဲ့ အနိုင်ရခဲ့လို့ ပျော်မိပါတယ် ” လို့ မှတ်ချက်ပေးခဲ့ပါတယ်။
မန်ချက်စတာ ယူနိုက်တက်ဟာ ဒီရာသီ ခြေစွမ်းနဲ့ စွမ်းဆောင်ရည်ပိုင်း မကောင်းလို့ ဝေဖန်ခံနေရတယ် ဆိုပေမယ့် နောက်ဆုံး ကစားထားတဲ့ ပရီးမီးယားလိဂ် ၅ ပွဲမှာ ၄ ပွဲထိ အနိုင်ရကာ လမ်းကြောင်းမှန်ပေါ် ပြန်တက်လာနေပြီပဲ ဖြစ်ပါတယ်။