နိုင်ငံတကာ သီတင်းပတ်မှာ ကစားသမားတွေ အများကြီး စေလွှတ်ထားရတဲ့ မန်ချက်စတာ ယူနိုက်တက်

လက်ရှိ နိုဝင်ဘာလ နိုင်ငံတကာ သီတင်းပတ်မှာ သက်ဆိုင်ရာ နိုင်ငံအသင်းတွေအတွက် ကစားကြမယ့် မန်ချက်စတာ ယူနိုက်တက် ကစားသမား အရေအတွက်က ၉ ယောက် အထိ ရှိနေပါတယ်။

ဒါတောင် ဒဏ်ရာ ပြသနာတွေကြောင့် နှုတ်ထွက်သွားရသူတွေရှိပြီး မဟုတ်ရင် ဒီထက်မက ပိုများမှာပါ။

ဟွိုင်လန်း၊ အဲရစ်ဆင်နဲ့ ဂျွန်နီအီဗန်တို့ဟာ ဒဏ်ရာတွေကြောင့် သက်ဆိုင်ရာနိုင်ငံအသင်းလူစာရင်းတွေကနေ နုတ်ထွက် ခဲ့ကြရပါတယ်။

ဒါလော့ကတော့ ပေါ်တူဂီ အသင်းမှာ အရွေးခံရပေမယ့် လက်တွဲဖော်ဖြစ်သူက သူတို့ရဲ့ပထမဆုံးရင်သွေးကို မွေးဖွား မှာမို့ ပေါ်တူဂီ လူစာရင်းကနေ ပြန် နှုတ်ထွက်ခဲ့ရတာပါ။

ရက်ရှ်ဖို့ဒ်ကတော့ ပုဂ္ဂိုလ်ရေးအကြောင်းပြချက်ကြောင့် အင်္ဂလန်အသင်းနဲ့ပူးပေါင်းမှု နောက်ကျမှာ ဖြစ်ပါတယ်။ အင်္ဂလန်အသင်းမှာ ရှက်ဖို့ဒ်နဲ့ အတူ မန်ယူအသင်းဖော် မက်ဂွိုင်းယားလည်း ရွေးချယ်ခံထားရတာပါ။

မန်ယူအသင်းခေါင်းဆောင် ဖာနန်ဒက်စ်က ပေါ်တူဂီအတွက် ကစားမှာဖြစ်သလို အရန် ဂိုးသမား တစ်ယောက်ဖြစ်တဲ့ ဘာယင်ဒီယာ လည်း တူရကီမှာ အရွေးခံထားရပါတယ်။

အသက် ၂၅ နှစ်အရွယ် ဂိုးသမား ဘာယင်ဒီယာ ဟာ ဒီနှစ် နွေရာသီအပြောင်းအရွှေ့မှာမှ ဖီနာဘာချီက ပြောင်း လာတာဖြစ်ပြီး ယူနိုက်တက် မှာ ပထမဆုံး တူရကီ ကစားသမားလည်း ဖြစ်ပါတယ်။

ဒါပေမဲ့ ဂိုးသမား ဘာယင်ဒီယာဟာ မန်ယူအတွက် ပွဲဦးထွက်ရခြင်း မရှိသေးပါဘူး။

၎င်းတို့ အပြင် တွမ်မီနေးက စကော့တလန်၊ လင်ဒီလော့ဖ်က ဆွီဒင်၊ အမ်မရာဘတ်က မော်ရိုကို၊ အိုနာနာက ကင်မရွန်း၊ ပယ်လစ်စထရီက ဥရုဂွေး အသင်းတို့မှာ အသီသီး ရွေးချယ်ခံထားရပါတယ်။