ရက်ကလစ် ခေတ်သစ် အစ၊ ရစ်ချက်အာနိုးလ် နှုတ်ထွက်ကြောင်း မန်ချက်စတာ ယူနိုက်တက် ထုတ်ပြန်လာတဲ့ ကြေညာချက်

မန်ချက်စတာ ယူနိုက်တက်အသင်းကတော့ ရစ်ချက်အာနိုးလ် တစ်ယောက် အမှုဆောင်ရာထူးကနေ နှုတ်ထွက်ခဲ့ပြီ ဖြစ်တယ်လို့ အတည်ပြု ကြေညာလိုက်ပါတယ်။ ဒါဟာ ဆာ ဂျင် ရက်ကလစ် ရှယ်ယာရှင်သစ် ဖြစ်လာပြီးနောက် ပြုပြင်ပြောင်းလဲမှု လုပ်ငန်းတွေရဲ့ ခြေလှမ်း အစ လည်း ဖြစ်လာပါတယ်။

ရစ်ချက် အာနိုးလ်ဟာ ၂၀၁၃ မှာ စီအီးအိုရာထူးကို မပြောင်းခင် ၂၀၀၇ ခုနှစ်ကတည်းက စီးပွားရေးဆိုင်ရာ ဒါရိုက်တာ အဖြစ် စတင် တာဝန်ယူခဲ့တာဖြစ်ပါတယ်။

၂၀၂၂ ဖေဖော်ဝါရီမှာ ယူနိုက်တက်အမှုဆောင် ဝုဒ်ဝတ်တစ်ယောက် ဒုဥက္ကဌရာထူးကနေ နုတ်ထွက်ခဲ့ပြီးနောက် အာနိုးလ်က တာဝန်ယူခဲ့တာဖြစ်ပြီး အခုချိန်မှာတော့ ရာထူးကနေ နုတ်ထွက်ခဲ့ပြီလို့ ယူနိုက်တက်က အတည်ပြုခဲ့ပါတယ်။

“ရစ်ချက်အာနိုးလ်ဟာ အသင်းအတွက် ၁၆ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် ရာထူးကနေ နုတ်ထွက်ခဲ့ပါပြီ။ ပက်ထရစ် စတီးဝက်တ်က ယာယီ စီအီးအိုအဖြစ် တာဝန်ဆက်ယူမှာပါ။

ရစ်ချက် အတွက်တော့ ဒီဇင်ဘာ မကုန်ခင်အထိ ဆက်လက် ထောက်ပံ့ပေးသွားမှာပါ။ စီအီးအို ရာထူး အတွက်လည်း အမြဲတမ်းစီအီးအိုခန့်အပ်ဖို့ ရှာဖွေသွားမှာပါ”လို့ ယူနိုက်တက် အသင်းက ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

အာနိုးလ်ကလည်း “ယူနိုက်တက်လိုမျိုးအသင်းမှာ ၁၆ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ရတာက တကယ့်ကိုကြီးမားတဲ့ ဆုလာဘ်ပါ။ အနိမ့်အမြင့် အတက်အကျတွေတစ်လျှောက်လုံးမှာ ကျွန်တော်တို့ ဝန်ထမ်းတွေနဲ့ ပရိသတ်တွေက အားပေးခဲ့ကြပါတယ်။

သူတို့ရဲ့သစ္စာရှိမှုနဲ့ အသင်းအပေါ်အပြည့်အဝအာရုံစိုက်မှုတွေ အတွက် အားလုံးကို ကျေးဇူးတင်ချင်ပါတယ်။ ပြီးတော့ အသင်းမှာ ရှိတဲ့သူတွေလည်း အနာဂတ်မှာ အောင်မြင်ပါစေလို့ ဆုတောင်းပေးပါတယ်”လို့ ပြောကြားခဲ့ပါတယ်။