ဇန်နဝါရီမှာ ခေါ်ဖို့ အချိုအချောင် တိုက်စစ်မှုးလေး တစ်ဦးကို ချိန်ရွယ်ထားပြီ ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်
မန်ချက်စတာ ယူနိုက်တက်အသင်းဟာ စီးရီးအေ ကလပ် လက်ချီအသင်းမှ တိုက်စစ်မှူး နီကိုလာ ကာစတိုဗစ်ကို ခေါ်ယူဖို့အတွက် ပစ်မှတ်ထားနေကြောင်း သတင်းထွက်ပေါ်လာခဲ့ပါတယ်။
ယူနိုက်တက်ဟာ ဒီနွေမှာပဲ စီးရီးအေကလပ် အတ္တလန်တာအသင်းရဲ့ ဒိန်းမတ် တိုက်စစ်မှူး ဟွိုင်လန်းကို ခေါ်ယူထားခဲ့သလို အခုလည်း နောက်ထပ် စီးရီးအေကလပ် လက်ချီရဲ့ မွန်တီနီဂရိုး တိုက်စစ်မှူး ကာစတိုဗစ်ကိုလည်း ထပ်မံ ခေါ်ယူချင်လာခဲ့တာပါ။
အသက် (၂၃)နှစ်အရွယ် တိုက်စစ်ကစားသမား ကာစတိုဗစ်ဟာ ဒီနွေကမှ ဆလိုဗက်ကီးယား ကလပ်အသင်း DAC 1904 Dunajská Streda ကနေ လက်ချီအသင်းဆီ ရောက်ရှိလာခဲ့ပြီး စီးရီးအေ ပွဲဦးထွက်မှာပဲ လိဂ်သွင်းဂိုး (၄)ဂိုးထိ သွင်းယူထားနိုင်ခဲ့ပါတယ်။
လက်ချီ အသင်းမှာ အားကိုးရတဲ့ ကစားသမားတစ်ဦး ဖြစ်လာခဲ့တဲ့ ကာစတိုဗစ်ကို ယူနိုက်တက်နည်းပြ အဲရစ် တန်ဟက်ဂ်က မျက်စိကျလာခဲ့ပြီး လာမယ့် ဆောင်းဈေးကွက်မှာပါ ခေါ်ယူပေးဖို့ ယူနိုက်တက် တာဝန်ရှိသူတွေထံ တောင်းဆိုထားတယ်လို့ သိရပါတယ်။
ယူနိုက်တက်အနေနဲ့ နွေတုန်းက ခေါ်ယူထားတဲ့ လူငယ် တိုက်စစ်မှူး ဟွိုင်လန်းက ချန်ပီယံလိဂ်မှာ ဂိုးမြူးနေသလောက် ပရီးမီးယားလိဂ်မှာ ဂိုးပေါက်ပျောက်နေသလို ရပ်ရှ်ဖို့ဒ် မာစီယဲလ်တို့လည်း ဂိုးသွင်းဖို့ ရုန်းကန်နေရတာကြောင့် လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ တိုက်စစ် အားဖြည့်ချင်လာခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် ယူနိုက်တက်က ခံစစ်ပိုင်းကို အဓိက အင်အားဖြည့်ဖို့ လိုအပ်နေတာကြောင့် တိုက်စစ်ပိုင်းအတွက် ငွေ အနည်းငယ်လောက်သာ အသုံးပြုဖွယ် ရှိနေတဲ့အတွက် ကာစတိုဗစ်ကိုလည်း ပေါင် (၁၀)သန်းအောက်နဲ့ပဲ ကမ်းလှမ်း ရနိုင်ပါတယ်။