မီလန် ဂန္တဝင်ကြီး မာလ်ဒိနီ ကို မန်ချက်စတာ ယူနိုက်တက်ထံ ခေါ်ယူဖို့ ဆာဂျမ်ရက်ကလစ်ဖ် စီစဉ်နေပါတယ်

ဗြိတိန် သန်းကြွယ် သူဌေးကြီး ဆာ ဂျမ် ရက်ကလစ်ဖ် ကတော့ မန်ချက်စတာ ယူနိုက်တက်အသင်းမှာ အပြောင်းအလဲလုပ်မှုရဲ့ အစိတ်အပိုင်း တစ်ရပ်အနေဖြင့် မီလန် ဂန္ထဝင်ပေါ်လိုမာလ်ဒီနီအား ခန့်အပ်ရန် စီစဉ်နေပါတယ်။

ဗြိတိန်ရဲ့ ဒုတိယအချမ်းသာဆုံးပုဂ္ဂိုလ်ဟာ ဂလေဇာမိသားစုထံမှ ယူနိုက်တက်ရဲ့ ရှယ်ယာ ၂၅ ရာခိုင်နှုန်းကို ပေါင် ၁.၂၅ ဘီလီယံဖြင့် ဝယ်ယူမှု အပြီးသတ်နေပြီ ဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ကို ငယ်စဉ်ကတည်းက အားပေးလာခဲ့တဲ့ ပရိသတ်လည်း ဖြစ်တဲ့ ရက်ကလစ်ဖ်ဟာ ဆယ်စုနှစ် တစ်ခုကြာ ရုန်းကန်လာခဲ့ရတဲ့ ယူနိုက်တက်အား အကြီးအကျယ်ပြောင်းလဲတည်ဆောက်ရန် စီစဉ်ထားပါတယ်။

သူဟာ ယူနိုက်တက်ရဲ့ လက်ရှိ စီအီးအိုကို အပြောင်းအလဲလုပ်ရန် စီစဉ်ထားပါတယ်။ လက်ရှိ ယူနိက်တက် စီအီးအို ရစ်ချက်အာနိုးဟာ ရာထူးမှ ထွက်ခွာလာပါမယ်။

ဒါ့အပြင် ဆာဂျမ်ရက်ကလစ်ဖ်ဟာ နည်းပြအဲရစ်တန်ဟက်အား ထောက်ပံ့ကူညီရန်အတွက် အားကစားဒါရိုက်တာတစ်ဦး ခန့်အပ်လိုနေပါတယ်။ သူဟာ မီလန် ဂန္ထဝင် မာလ်ဒိနီအား ခန့်အပ်ရန် စီစဉ်နေပါတယ်။

ရက်ကလစ်ဖ် ရဲ့ အားကစား ဒါရိုက်တာပစ်မှတ်များထဲတွင် အတ္တလန္တာမှ လီကွန်ဂါတွန်၊ အက်သလက်တီကိုရဲ့ အင်ဒရေဘာတာ၊ မီလန်ဒါရိုက်တာဟောင်းရစ်ကီမာဆာရာတို့ ပါဝင်နေပါတယ်။

မာလ်ဒိနီနှင့် ရစ်ကီမာဆာရာတို့ဟာ နွေရာသီတုန်းက မီလန်ပိုင်ရှင်ဂယ်ရီကာဒီနေးလ်နှင့် သဘောထားကွဲလွဲကာ မီလန်မှ ထွက်ခွာလာပြီးနောက် အသင်းလက်မဲ့ ဖြစ်နေကြသူများ ဖြစ်ပါတယ်။

မာလ်ဒိနီဟာ ကစားသမားဘဝတုန်းက အကြီးကျယ်ဆုံးနောက်ခံလူများထဲမှ တစ်ဦးအဖြစ် ရပ်တည်ခဲ့သလို မီလန်ကို အားကစား ဒါရိုက်တာအဖြစ် အောင်မြင်မှု ပြန်လည်ရရှိရေး နောက်ကွယ်မှ ဆောင်ရွက်ပေးခဲ့သူ ဖြစ်ပါတယ်။