ဆော်ဒီဘက်က စိတ်ဝင်စားမှုတွေ ရနေပေမယ့် ကိုယ်ပိုင်ဆုံးဖြတ်ချက် ချထားပြီ ဖြစ်တဲ့ ကတ်စ်မဲရိုး

မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်ခံစစ် ကစားသမား ကတ်စ်မဲရိုးက ဆော်ဒီ ပရိုလိဂ် ကလပ်တွေရဲ့ စိတ်ဝင်စားမှုကို ရထားပေမယ့် ကိုယ်ပိုင် ဆုံးဖြတ်ချက်က ရှိနှင့်ထားပြီ လို့ သိရပါတယ်။

အသက် ၃၁နှစ် အရွယ် ဘရာဇီးလ် လက်ရွေးစင် ကွင်းလယ်ခံစစ် ကစားသမား ကတ်စ်မဲရိုးက မန်ချက်စတာ ယူနိုက်တက်မှာပဲ ရာသီကုန် အထိ ဆက်နေဖို့ ဆုံးဖြတ်ထားကြောင်း ခိုင်မာတဲ့ သတင်းတွေက ဆိုပါတယ်။

ပြီးခဲ့တဲ့ ဘောလုံးရာသီကမှ ရီးရဲလ်မက်ဒရစ် ကနေ မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းရွှေ့လာတဲ့ ကတ်စ်မဲရိုးက ယူနိုက်တက်ထံ ရောက်ရှိပြီးနောက် အသင်းရဲ့ အဓိက ကွင်းလယ်လူ အဖြစ် ခြေစွမ်းကောင်းတွေ ပြသထားနိုင်ပါတယ်။

ကတ်စ်မဲရိုးက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဘရူနို ဖာနန်ဒက်စ် ၊ အဲရစ်ဆင်တို့နဲ့ တွဲဖက်ကာ အသင်းရဲ့ အဓိက ကွင်းလယ်လူ အဖြစ် ခြေစွမ်းပြခဲ့ပေမယ့် ဒီရာသီမှာတော့ ဒဏ်ရာပြဿနာတွေကြောင့် ခြေစွမ်းကောင်းတွေ ပြသနိုင်ဖို့ ရုန်းကန်နေရပါတယ်။

လက်ရှိမှာ ဆော်ဒီ ထိပ်သီးကလပ်တွေက ကတ်စ်မဲရိုးကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပြီး ဆော်ဒီကလပ်တွေက ကတ်စ်မဲရိုးကို လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ ခေါ်ယူဖို့ ကြိုးစားသွားမယ် ဆိုတဲ့ သတင်းတွေလည်း အကြီးအကျယ် ထွက်ပေါ်နေပါတယ်။

ဆော်ဒီ ထိပ်သီးကလပ်တွေက ကတ်စ်မဲရိုးအပြင် မန်ချက်စတာ ယူနိုက်တက်ရဲ့ ကြယ်ပွင့် ကစားသမားတွေ ဖြစ်တဲ့ ဗာရန်း ၊ မာရှယ် ၊ ဆန်ချို စတဲ့ ကစားသမားတွေကိုပါ ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး မန်ချက်စတာ ယူနိုက်တက်ကတော့ ကတ်စ်မဲရိုး ၊ ဗာရန်းနဲ့ ဆန်ချိုတို့ကို ရောင်းချဖို့ လမ်းဖွင့်ထားပါတယ်။

နာမည်ကြီး သတင်းဌာန တွေ အဆိုအရတော့ ကတ်စ်မဲရိုးဟာ ဆော်ဒီကလပ်တွေရဲ့ စိတ်ဝင်စားမှုကို ရထားပေမယ့် ရာသီကုန် အထိ မန်ချက်စတာ ယူနိုက်တက်မှာပဲ ဆက်ကစားဖို့ ဆုံးဖြတ်ထားကြောင်း သိရှိရပါတယ်။