ဂိုးသွင်းလည်း ပြောခံရတဲ့ မက်ဂွဲရား၊ နောဝစ်ချ်ကို ငြင်းတဲ့ လမ်းပတ်နဲ့ ယနေ့ နံနက်ခင်း သတင်းများ

အယ်လ်ဘေးနီးယားနဲ့ပွဲမှာ အင်္ဂလန်အတွက် ဂိုးသွင်းပြီးနောက် မက်ဂွဲရားရဲ့ အောင်ပွဲခံပုံစံကို မန်ယူကစားသမားဟောင်း ရွိုင်ကိန်းကတော့ မနှစ်သက်ဘဲ ဝေဖန်ခဲ့ပါတယ်။

“သူကတော့ ဒီလိုမျိုး ဂိုးသွင်းရင် ဝေဖန်မှုတွေကိုပိတ်ပစ်နိုင်မယ် ထင်နေပုံပဲ။ အမှန်တော့ ဒါက ရှက်စရာ ကောင်းပါတယ်။ လွန်ခဲ့တဲ့လအတွင်း သူက မန်ယူမှာ စိတ်ပျက်စရာ ကောင်းခဲ့တာပါ”လို့ ရွိုင်ကိန်းက ဆိုခဲ့ပါတယ်။

လီဗာပူး ကြယ်ပွင့်နောက်ခံလူ ထရန့်အလက်ဇန္ဒါးအာနိုးဟာ လီဗာပူးကစားသမားဘဝ သူရင်ဆိုင်ခဲ့ဖူးသမျှထဲ အခက်အခဲဆုံး ကစားသမားအဖြစ် အီဒင်ဟာဇက်ကို ရွေးချယ်ခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်အနေနဲ့ ပစ်မှတ်ထားနေတဲ့ ဆီဗီးလ်နောက်ခံလူ ကွန်ဒီကို ခေါ်ယူနိုင်ဖို့အတွက် တိုက်စစ်မှူး ကာဗာနီကို အလိုက်ပေးသွားမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကာဗာနီကတော့ ဆီဗီးလ်ကိုပြောင်းရွှေ့လိုခြင်း မရှိဘဲ မန်ယူနဲ့ စာချုပ်ကုန်ရင် တောင်အမေရိကကိုသာ ပြန်ချင်နေတာပါ။

ပိုချက်တီနိုရဲ့ မကြာသေးမီက မှတ်ချက်တွေအရ မကြာခင်မှာ ယူနိုက်တက်နည်းပြနေရာ လစ်လပ်သွားရင်တောင် သူ့အနေနဲ့ မန်ချက်စတာအသင်း နည်းပြအလုပ်ကို စိတ်ဝင်စားမှု သိပ်မရှိဘူးလို့ သိရပါတယ်။

ဘာစီလိုနာနည်းပြ နည်းပြ ဇာဗီ ဟာ ကလပ်မှာ သူ့ရဲ့ ပထမဆုံး အပြောင်းအရွှေ့ ဘတ်ဂျက်အဖြစ် ပမာဏ နည်းနည်း ကိုပဲ ရရှိခဲ့ပေမယ့် ရော်နယ်ကိုးမန်းကို ထုတ်ပယ်ရာမှာ လျော်ကြေးပေးရမှာမို့ ထပ်ပြီး လျော့ပါးသွားနိုင်ပါတယ်။

မန်စီးတီးဟာ မန်ချက်စတာ ယူနိုက်တက်ကို ၂-၀ နဲ့ နိုင်ခဲ့တဲ့ ပွဲမတိုင်ခင် နည်းဗျူဟာပိုင်းအတွက် လေ့ကျင့်ရေးမှာ ၁၀ မိနစ်သာ အချိန်ဖြုန်းခဲ့တယ်လို့ ဒီဘရိုင်းက ပြောပြခဲ့ပါတယ်။

နောဝှစ်ချ်ကို ကိုင်တွယ်တော့မယ်ဆိုပြီး သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေခဲ့တဲ့ ချဲလ်ဆီးနည်းပြဟောင်း လမ်းပတ် ဟာ နောဝျစ်ချ်ရဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့ကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

ဂျာမနီ နည်းပြဟောင်း ဂျိုအာချင်လိုဟာ လစ်ချင်စတိန်းနဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲ မတိုင်ခင် ပရိသတ်တွေနဲ့ ကစားသမားတွေရဲ့ ဂုဏ်ပြုခြင်းကို လက်ခံရရှိခဲ့ပါတယ်။

အင်္ဂလန်နည်းပြ ဆောက်ဂိတ်အနေနဲ့ အင်္ဂလန်အသင်းနဲ့ ၂ နှစ်စာချုပ်သက်တမ်း တိုးမြှင့်သွားမှာ ဖြစ်ပါတယ်။ စာချုပ်သစ် အရ ဆောက်ဂိတ်အနေနဲ့ တစ်နှစ်လုပ်ခ ပေါင် ၆ သန်းအထိ ရရှိမှာဖြစ်ပြီး ၂၀၂၄ အထိ အင်္ဂလန်နည်းပြအဖြစ် ရှိနေတော့မှာ ဖြစ်ပါတယ်။

မန်စီးတီး တိုက်စစ်သမား မာရက်ဇ် ဟာ ဇန်နဝါရီမှ အသင်းကနေ ထွက်ခွာဖို့ ပြင်ဆင်လျက် ရှိနေကြောင်း သိရပါတယ် ။ မန်စီးတီးမှာ ရုန်းကန်နေရခြင်းကို မာရက်ဇ် မပျော်မရွှင်ဖြစ်နေပြီးပုံမှန် ပွဲထွက်ခွင့် ရမဲ့ အသင်းကို ပြောင်းလိုနေတာပါ။

ဘာစီလိုနာအနေနဲ့ လူငယ်ကြယ်ပွင့် ဂါဗီကို စာချုပ်သစ် တိုးမြှင့်ချုပ်ဆိုနိုင်မယ်လို့ ယုံကြည်လျက် ရှိနေပါတယ်။ ဘာစီလိုနာအနေနဲ့ အသင်းရဲ့ လူငယ်ကြယ်ပွင့်တွေကို သက်တမ်း တိုးမြှင့်လျက်ရှိနေပြီး ပတ်ဒရီနဲ့ဖာတီတို့ကိုလည်း ကာလရှည်စာချုပ်တွေ တိုးမြှင့်ထားပါတယ်။