မိန်းမမျက်နှာကြောင့် အယ်လ်နာဆာ ရဲ့ မက်လောက်ဖွယ် ကမ်းလှမ်းမှုကြီးကို မတုန့်မဆိုင်း ငြင်းဆန်ပယ်ချခဲ့တဲ့ ဒီဂီယာ
အခုအချိန်ထိ အသင်းလက်မဲ့ ဖြစ်နေသေးတဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ဂိုးသမားဟောင်း ဒေးဗစ် ဒီဂီယာကို ဆော်ဒီ ထိပ်သီးကလပ် အယ်လ်နာဆာအသင်းက မက်မောလောက်စရာ လုပ်ခလစာနဲ့ ကမ်းလှမ်းခဲ့ပေမယ့်လည်း ဒီဂီယာကတော့ ဒီကမ်းလှမ်းချက်ကို ပယ်ချခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့နွေ ယူနိုက်တက်နဲ့ လမ်းခွဲပြီးချိန်ကနေ လက်ရှိအချိန်ထိ အသင်းသစ် ရှာမတွေ့သေးတဲ့ စပိန် လက်ရွေးစင် ဟောင်း ဒီဂီယာဟာ အသင်းတော်တော်များများနဲ့ အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် အခုအချိန်ထိတော့ အသင်းလက်မဲ့ အဖြစ်သာ ဆက်ရှိနေရပါတယ်။

အသက် (၃၃)နှစ်အရွယ် ဝါရင့် ဂိုးသမား ဒီဂီယာကို ဒီနွေမှာ ရီးယဲလ်မက်ဒရစ် ဘိုင်ယန်မြူးနစ် အင်တာမီလန်တို့လို ဥရောပ ထိပ်သီးကလပ်တွေနဲ့ သတင်းထွက်ခဲ့သလို အသင်းဟောင်း ယူနိုက်တက်ဆီ ကာလတို စာချုပ်တစ်ရပ်နဲ့ ပြန်သွားဖို့ ရှိနေတယ်လို့ပါ ကောလဟာလတွေ ထွက်ပေါခဲ့ပါသေးတယ်။
ဒီဂီယာကို သူ့အသင်းဖော်ဟောင်း ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ လက်ရှိကလပ် အယ်လ်နာဆာအသင်းကလည်း တစ်ပတ်လုပ်ခ ပေါင် ၅ သိန်း နဲ့ မက်မောစရာ ကမ်းလှမ်းမှုနဲ့ ကမ်းလှမ်းခဲ့ရာ ဒီဂီယာက သူ့ဇနီးသည်ကြောင့် အယ်လ်နာဆာရဲ့ ကမ်းလှမ်းချက်ကို ပယ်ချခဲ့လိုက်ပါတယ်။
တစ်ပတ် ပေါင် ၅ သိန်းတန် ကမ်းလှမ်းမှုက ဒီဂီယာ ယူနိုက်တက်အသင်းမှာ ရရှိခဲ့ဖူးတဲ့ တစ်ပတ်လုပ်ခ ပေါင် (၃၇၅၀၀၀)ထက်ပင် များပြားလွန်းနေရပြီး ဒီဂီယာအတွက်လည်း ငြင်းဆန်ရ ခက်စေမယ့် ပမာဏမျိုး ဖြစ်နေပေမယ့် ဒီဂီယာရဲ့ ဇနီးဖြစ်သူကတော့ ဆော်ဒီသို့ ပြောင်းရွှေ့ဖို့ ဆန္ဒမရှိတာကြောင့်ဒီအခွင့်အရေးကို လက်လွတ်ခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် လီယွန်နယ် မက်ဆီကို ခေါ်ယူထားနိုင်တဲ့ ဒေးဗစ် ဘက်ခမ်းရဲ့ မေဂျာလိဂ်ကလပ် အင်တာ မိုင်ယာမီအသင်းကပါ ဒီဂီယာကို သူတို့အသင်းဆီ ခေါ်ဆောင်ဖို့ အထူး စိတ်ဝင်စားလို့နေပြီး ဆက်သွယ်မှုတွေလည်း လုပ်ဆောင်လျက် ရှိနေရာ ဒီအပြောင်းအရွှေ့က စောင့်ကြည့်ချင်စရာ ဖြစ်လာခဲ့ရပါတယ်။