ရှေ့က နောင်တော်ကြီးတွေ နည်းတူ ကလပ်အသင်းမှာ ဆို ဘုံပျောက်၊ နိုင်ငံအသင်းနဲ့ဆို ရှယ်ခြေစွမ်းတွေ ပြနေတဲ့ တုတ်ကြီး
ကလပ်အသင်း မန်ချက်စတာ ယူနိုက်တက် မှာ နေရာမရသလောက် လက်ရွေးစင်ရောက်ရင် ရွှေဖြစ်နေတဲ့ ကစားသမား တစ်ဦးအဖြစ် မန်ယူနိုက်တက် ကွင်းလယ်လူ တော်မီနေး က တောက်ပလာခဲ့ပါပြီ။
တော်မီနေး အရင်ကလည်း မန်ယူအသင်းမှာ နောင်တော်ကြီးတွေဖြစ်ကြတဲ့ ပေါ့ဘာနဲ့ မက်ဂွိုင်းယားတို့လည်း ထိုနည်းတူစွာ ဖြစ်ခဲ့ကြဖူးပါတယ်။

ပေါ့ဘာဟာ ကလပ်အသင်းနဲ့အတူ အစောပိုင်းမှာ ခြေစွမ်းတွေကောင်းခဲ့သလောက် ဘရူနိုဖာနန်ဒက် ရောက်ရှိလာပြီး နောက်မှာတော့ ပုံစံကောင်းတွေပြသနိုင်ခြင်းမရှိတော့တာပါ။ ဒါပေမယ့်သူဟာ ပြင်သစ်အသင်းကိုရောက်ရင် ပျော်ရွှင်မြူးတူးစွာကစားနိုင်လေ့ရှိပြီး၊ ယူနိုက်တက်နဲ့ ပြင်သစ်အသင်းတွေမှာ မတူညီတဲ့ခြေစွမ်းတွေကိုပြသခဲ့သူပါ။
နောက်တစ်ဦးက ဟယ်ရီမက်ဂွိုင်းယားပါ။ လက်ရှိမတိုင်ခင်အထိ မက်ဂွိုင်းယားဟာ အမှားများသူ၊ ပေးရတဲ့ ပြောင်းရွှေ့ကြေးနဲ့ ထိုက်တန်မှုမရှိသူစသည်ဖြင့် အသင်းခေါင်းဆောင်ရာထူးကနေပါ ဖယ်ရှားခံခဲ့ရသူပါ။
ဒါပေမယ့်သူဟာ အင်္ဂလန်လက်ရွေးစင်မှာတော့ အမြဲလိုလိုပွဲထွက်ခွင့်ရလေ့ရှိသူဖြစ်ပြီး၊ ယူနိုက်တက်မှာနဲ့ မတူညီတဲ့ခြေစွမ်းတွေကို မြင်ရလေ့ရှိပါတယ်။
အခုနောက်ဆုံးတစ်ဦးကတော့ စကော့တလန်အသင်းအတွက် ခြေစွမ်းပြဂိုးတွေသွင်းနေတဲ့ ကွင်းလယ်လူ တော်မီနေး ပါ။
တုတ်ကြီးလို့ မန်ယူ ပရိသတ်တွေ ချစ်စနိုး ခေါ်ဆိုလေ့ရှိပြီး တဖက်မှာလည်း သရဲနီ ပရိသတ်တွေရဲ့ ငြိုငြင်မှုတွေကို ကြုံရလေ့ရှိသူတွေထဲမှာ သူလည်း တစ်ဦး အပါအဝင် ဖြစ်ပါတယ်။
တော်မီနေး ကတော့ (၂၀၂၄) ယူရိုခြေစစ်ပွဲစဉ်တွေယှဉ်ပြိုင်နေမှုမှာ စကော့တလန် အသင်းနဲ့ အတူ အုပ်စု (A) မှာကျရောက်နေပြီး၊ သွင်းဂိုး (၇) ဂိုးနဲ့ အုပ်စု (A) မှာ ဂိုးအများဆုံးသွင်းယူသူအဖြစ် ရပ်တည်နေခဲ့ပါတယ်။
ဒါဆို တော်မီနေး တစ်ယောက် မန်ချက်စတာ ယူနိုက်တက်ကွင်းလယ်မှာ အံမဝင်တာက ကစားရတဲ့နေရာမတူလို့လား။ အဲရစ်တန်ဟက်က တော်မီနေးရဲ့ အရည်အသွေးတွေကို အသုံးမချတက်လို့လား အတွေး ပွားစရာ ဖြစ်နေပါတယ်။