အဲဗာတန်နဲ့ ပွဲမှာ မန်ယူအသင်းအတွက် ပွဲထွက် ကစားပြီး လက်စွမ်းပြပေးဖွယ် ရှိတဲ့ ဂိုးသမား ဘေယင်ဒီယာ
မန်ချက်စတာ ယူနိုက်တက် ရဲ့ တူရကီလက်ရွေးစင်ဂိုးသမား ဘေယင်ဒီယာ ဟာ ဝေးလ်စ်နဲ့ ယူရိုခြေစစ်ပွဲမှာ လူစားဝင် ကစားပြီး လက်စွမ်းပြ ကာကွယ်မှုတွေ ပြုလုပ်နိုင်ခဲ့ပါတယ်။
ဘေယင်ဒီယာ ဟာ စနေနေ့တုန်းက ယူရို-၂၀၂၄ အိမ်ရှင် ဂျာမနီအသင်းကို အနိုင်ရတဲ့ခြေစမ်းပွဲမှာ ပွဲထွက် ကစားခွင့် ရခဲ့သလို အခု ဝေးလ်စ်နဲ့ ၁-၁ ဂိုးစီသရေကျခဲ့တဲ့ ယူရိုခြေစစ်ပွဲ၊ ပထမပိုင်း ၃၃ မိနစ်မှာ ပွဲထွက်ဂိုးသမား ကာကီယာ ဒဏ်ရာ ရရှိခဲ့တာကြောင့် လူစားဝင် ကစားခဲ့ရပါတယ်။

ပွဲချိန်အတွင်းမှာ ဘေယင်ဒီယာက ပြိုင်ဘက် တိုက်စစ်မှူး ဘရန်နန်ဂျွန်ဆင်ရဲ့ အခွင့်အရေး ၂ ကြိမ်အပြင် အမ်ပါဒူရဲ့ အပိုင်ခေါင်းတိုက်ချက်ကိုလည်း လက်စွမ်းပြ ကာကွယ်နိုင်ခဲ့ပါတယ်။
ဒါ့အပြင် ဘေယင်ဒီယာဟာ Sweeper Keeper ပုံစံကို အကောင်းဆုံးကစားနိုင်ခဲ့ပြီး တူရကီအသင်း တိုက်စစ် လမ်းကြောင်း တွေ စတင်နိုင်အောင် ကူညီပေးနိုင်ခဲ့ပါတယ်။ ဝေးလ်စ်နဲ့ပွဲက ဘေယင်ဒီယာရဲ့ စွမ်းဆောင်ရည်အပေါ် တူရကီ အသင်း နည်းပြ အဖြစ် ဆောင်ရွက်နေတဲ့ အီတလီ နာမည်ကျော် တိုက်စစ်မှူးဟောင်း မွန်တဲလားက
“ဂျာမနီနဲ့ အခု ဝေးလ်စ်တို့နဲ့ပွဲတွေမှာ ဘေယင်ဒီယာက အကောင်းဆုံး ကစားနိုင်ခဲ့ပါတယ်။ သူက အသက်ငယ် သေးတဲ့ ဂိုးသမားတစ်ဦးဖြစ်ပြီး ယူနိုက်တက် အသင်းမှာ အတွေ့အကြုံတွေ အများကြီး ရယူနိုင်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။
အခုထက် ပိုပြီးအတွေ့အကြုံကောင်း၊ ပုံစံကောင်းပြသနိုင်ဖို့အတွက် ယူနိုက်တက်အသင်းမှာ သူ့ကို ပွဲထွက် ဂိုးသမား အဖြစ် အသုံးပြုဖို့ ကျွန်တော် မျှော်လင့်သလို ကလပ်အသင်းမှာ ဘေယင်ဒီယာ လက်စွမ်းပြနိုင်ရင် ကျွန်တော်တို့ လက်ရွေးစင်အသင်းအတွက်လည်း အထောက်အပံ့ဖြစ်စေပါတယ်”လို့ ချီးကျူးခဲ့ပါတယ်။
ယူနိုက်တက်နည်းပြအဲရစ်တန်ဟက်ဟာ နွေရာသီအပြောင်းအရွှေ့ နောက်ဆုံးရက်မှာ ဒီဂီယာ၊ ဟန်ဒါဆင်တို့နဲ့ လမ်းခွဲ ပြီးတဲ့နောက် အသက် ၂၅ နှစ်အရွယ်ရှိပြီဖြစ်သူ ဘေယင်ဒီယာကို ဖီနာဘာချီ အသင်းဆီကနေ ပေါင် ၄.၃ သန်းနဲ့ ခေါ်ယူခဲ့ပြီး ဒီဂီယာရဲ့ကျောနံပါတ် ၁ ကို လွှဲပြောင်းပေးခဲ့ပါတယ်။
ဒါပေမဲ့ ဒီရာသီတစ်လျှောက်လုံး အဲရစ်တန်ဟက် အိုနာနာကို ပွဲထွက်ဂိုးသမားအဖြစ် ဆက်တိုက် အသုံးပြုနေတာကြောင့် ဘေယင်ဒီယာဟာ အသင်းသစ်အတွက် ပွဲထွက်ခွင့်မရသေးပါဘူး။
အိုနာနာဟာ ပြီးခဲ့တဲ့မော်ရေးသျှနဲ့ပွဲမှာ ပေါင်ခြံဒဏ်ရာရရှိခဲ့ပြီး အခုလာမဲ့တနင်္ဂနွေကျရင် အဲဗာတန်နဲ့ကစားမဲ့ ပရီးမီးယားလိဂ်ပွဲမှာ ပါဝင်ကစားနိုင်ဖို့ မသေမချာဖြစ်နေပါတယ်။
တကယ်လို့ အိုနာနာသာ အဲဗာတန်နဲ့ပွဲကို လွဲချော်မယ်ဆိုရင် နည်းပြအဲရစ်တန်ဟက်က ဘေယင်ဒီယာကို ပွဲဦးထွက်ခွင့် ပေးသွားဖို့ ရှိပြီး ယူနိုက်တက် ပရိသတ်တွေကလည်း ဘေယင်ဒီယာကို ပွဲထွက်အသုံးပြုဖို့ တောင်းဆို နေကြပါတယ်။