အငှား ခေါ်ထားတဲ့ ကွင်းလယ်လူ အမ်မရာဘတ် ကိစ္စ မန်ယူအသင်း ဆုံးဖြတ်ချက် ချလိုက်ပါပြီ
မန်ယူအသင်းဟာ ကွင်းလယ်လူ ဆိုဖယန် အမ်မရာဘတ်ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး တိကျတဲ့ဆုံးဖြတ်ချက် ချပြီးသွားပြီ လို့ သိရပါတယ်။
၂၀၂၂ ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မော်ရိုကို လက်ရွေးစင် အသင်းနဲ့အတူ အမိုက်စား ခြေစွမ်းကို ပြနိုင်ခဲ့တာ ကြောင့် ၂၀၂၃ ဇန်နဝါရီ အပြောင်းအရွှေ့ဈေးကွက် ထဲမှာ အမ်မရာဘတ်ကို လီဗာပူး၊ အက်သလက်တီကို၊ ဘာစီလိုနာတို့လို အသင်းတွေ က ချဉ်းကပ်ခဲ့ကြတာမျိုးတောင် ရှိပါတယ်။

ဒါပေမဲ့ သူဟာ ဖီအိုရင်တီးနားအသင်းမှာပဲ ဆက်ရှိနေခဲ့ပြီး ပြီးခဲ့တဲ့ ဩဂုတ်လမှာတော့ ဆရာဟောင်း နည်းပြ အဲရစ်တန်ဟတ် ရှိတဲ့ မန်ယူအသင်းဆီကို အငှားစာ ချုပ်နဲ့ ပြောင်းလာခဲ့တာပါ။
အမ်မရာဘတ်ဟာ အိုးလ်ထရက်ဖို့ဒ်မှာ ယူနိုက် တက်အတွက် တကယ့်ကို အရေးပါတဲ့ ကစားသမားတစ်ယောက် ဖြစ်လာတော့မယ် လို့ ထင်ကြေးပေးတာမျိုးရှိခဲ့ပေမဲ့ အသက် ၂၇ နှစ်အရွယ် ကွင်း လယ်လူအတွက်တော့ ဒီရာသီဟာ စိန်ခေါ်မှုတွေ အရမ်းများနေပါတယ်။
ဒဏ်ရာပြဿနာကြောင့် ပွဲထွက်ခွင့်တွေ ဆုံးရှုံးခဲ့ရတဲ့ အမ်မရာဘတ် ဟာ မန်ယူမှာ အထိုင်မကျဖြစ်နေပြီး ဘယ် နောက်ခံလူ နေရာ ကလည်း ပွဲတော်တော်များများမှာ ဝင်ကစားပေးရတာရှိသလို ကွင်းလယ်မှာ ကစားခွင့်ရတော့လည်း အရန်က ကစားသမားအဖြစ်နဲ့ပဲ ပွဲထွက်နေရပါတယ်။
ဒါကြောင့် မန်ယူဟာ အမ်မရာဘတ်ကို အမြဲတမ်းစာချုပ် မချုပ်တော့ဘဲနဲ့ ပြန်သွားခိုင်းတော့မယ်လို့ သတင်း ထွက်လာ ပါတယ်။
အီတလီအခြေစိုက် ဖီအိုရင်တီးနားသတင်း ဝက်ဘ်ဆိုက်ရဲ့ အဆိုအရ မော်ရိုကို လက်ရွေးစင်ဟာ မန်ယူနဲ့အတူ အမြဲ တမ်းစာချုပ် ချုပ်မှာ မဟုတ်သလို မိခင်ကလပ်ဖြစ်တဲ့ ဖီအိုရင်တီးနားကို လည်း ပြန်သွားမှာ မဟုတ်ဘဲ တခြား ကလပ် အသင်းတစ်ခုဆီကို လာမယ့် နွေဈေးကွက်ထဲမှာ ပြောင်းသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
အမ်မရာဘတ်ဟာ အသင်းအတွက် အားထားရတဲ့ ကစားသမားဖြစ်တယ်လို့ တန်ဟတ် ကိုယ်တိုင်က ချီးမွမ်းတာမျိုး ရှိပေမဲ့လည်း အမြဲတမ်းစာချုပ်နဲ့ ခေါ်ဖို့က တော့ လုံးဝကို မဖြစ်နိုင်တော့တဲ့ အနေအထားကို ရောက်သွားပြီလို့လည်း သိရပါတယ်။