အဲဗာတန်နဲ့ ပွဲက အပြုအမူ အတွက် နည်းပြ တန်ဟက်ကိုယ်တိုင် ချီးကျူးတာ ခံနေရတဲ့ အသင်းခေါင်းဆောင် ဖာနန်ဒက်စ်
မန်ချက်စတာ ယူနိုက်တက် နည်းပြ တန်ဟက်က မနေ့ညက အဲဗာတန် ကို ၃ ဂိုးပြတ် နိုင်တ်ဲ့ ပွဲစဉ်မှာ ပင်နယ်တီ ကန်သွင်းခွင့် ရထားပေမယ့် သွင်းဂိုးတွေ လိုအပ်နေတဲ့ အသင်းဖော် တိုက်စစ်မှူး ရက်ဖို့ဒ်ကို ပင်နယ်တီ ပေးကန်ခဲ့တဲ့ အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ်အား အထူး ချီးကျူးသွားခဲ့ပါတယ်။
တန်ဟက် အဲဗာတန်နဲ့ ပွဲမှာ ပွဲပယ်ပြစ်ဒဏ်ကြောင့် နည်းပြထိုင်ခုံ ကနေ အသင်းကို ကြီးကြပ်ခွင့် မရခဲ့ပါဘူး။ အဲဒီပွဲမှာ နှစ်သင်းစလုံးက ရမှတ်လိုအပ်ချက်တွေ ရှိတောကြောင့် အကောင်းဆုံး လူစာရင်းကို ထုတ်သုံးလာခဲ့ကြတာပါ။

အနိုင်ရလဒ် အတွက် ကြိုးစား ကစားခဲ့ကြပြီး မန်ချက်စတာ ယူနိုက်တက်ကတော့ ပွဲအစ ၃မိနစ်မှာ သွင်းယူနိုင်ခဲ့တဲ့ ဂါနာချိုရဲ့ လှပတဲ့ နောက်ပြန် ကန်ချက်ကြောင့် ပွဲကို ဦးဆောင်ခွင့် ရခဲ့ပါတယ်။
ဒီပွဲမှာ မန်ယူ နည်းပြ တန်ဟက်က အသင်းဖော် ရက်ဖို့ဒ်အား ပင်နယ်တီ ကန်ခိုင်းခဲ့တဲ့ အသင်းခေါင်းဆောင် ဘရူနိုကို အထူးတလည် ချီးကျူးမှုတွေ လုပ်သွားခဲ့ပါတယ်။
တန်ဟက်က – “ကျွန်တော်တို့ဟာ ဘရူနို ဖာနန်ဒက်စ်က အသင်းခေါင်းဆောင်ကောင်း တယောက် ဆိုတာ မြင်တွေ့ခဲ့ရပါတယ်။ သူက သူ့ရဲ့ အသင်းဖော်ဟာ သွင်းဂိုးတွေ လိုအပ်နေတယ် ဆိုတာ နားလည်ပါတယ်။
ပြီးတော့ သူက ရက်ဖို့ဒ်အပေါ် ယုံကြည်မှု အပြည့် ရှိပါတယ်။ ရက်ဖို့ဒ်ကလည်း ပင်နယ်တီ ကန်သွင်းတဲ့ နေရာမှာ တကယ် တော်ပါတယ်။ အသင်းတိုင်းမှာ ဒီလိုမျိုး ခေါင်းဆောင်နိုင်စွမ်းတွေ လိုအပ်ပါတယ်” လို့ ပြောကာ ဘရူနိုကို ချီးကျူးသွားခဲ့တာပါ။
ဘရူနို ဖာနန်ဒက်စ်က အဲဗာတန် ဝ-၃ မန်ချက်စတာ ယူနိုက်တက်ပွဲမှာ ရက်ဖို့ဒ်ကို ပင်နယ်တီ ပေးကန်ခဲ့သလို သူ ရခဲ့တဲ့ ပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကိုလည်း လှပတဲ့ နောက်ပြန်ကန်ချက်နဲ့ ဂိုးသွင်းခဲ့တဲ့ လူငယ်ကြယ်ပွင့် ဂါနာချိုဆီ လွှဲပေးခဲ့ပါသေးတယ်။